ရန်ကုန် ၂၂ ဒီဇင်ဘာ
ရှုတိုင်းယဉ်စာပေ၏ စီးပွားရေးလုပ်ငန်းကြီးကြပ်သူများအတွက် စာရင်းအင်းပညာ အသုံးပြုခြင်းအတွဲ-၁ Statistical Applications for Business Supervisors Volume-1 စာအုပ်သစ်မိတ်ဆက်ပွဲနှင့် ဥပဒေစာအုပ်များ စာကြည့်တိုက်များသို့ လှူဒါန်းပွဲအခမ်းအနားကို ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ရွှေဥဒေါင်းခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံစာရင်းအင်းပညာအသင်း-MSA ၏ ဂုဏ်ထူးဆောင် နာယက၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ စာရင်းအင်းပညာဌာန အငြိမ်းစားဌာနမှူး ပါမောက္ခ ဆရာမကြီး ဒေါက်တာခင်စန်းမြင့်က စာရင်းအင်းပညာရပ်နှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် စီးပွားရေးလုပ်ငန်းကြီးကြပ်သူများအတွက် စာရင်းအင်းပညာအသုံးပြုခြင်း အတွဲ-၁ စာအုပ်ကို ရေးသားပြုစုကြသည့် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ အငြိမ်းစား ဆရာမကြီးများဖြစ်သည့် ဒေါ်ကြည်ကြည့်မြင့်၊ ဒေါ်နွဲ့နွဲ့ရီနှင့် MSA ၏ ဗဟိုအလုပ်အမှူဆောင်ကော်မတီဝင် ဒေါ်ခင်ဝင်းမြင့် (ရှုတိုင်းယဉ်စာပေ) တို့က စာအုပ်ပါ အကြောင်းအရာများကို မိတ်ဆက်ရှင်းလင်းကြသည်။
ထို့နောက် ရှုတိုင်းယဉ် သုတ/ရသစာပေမှ တန်ဖိုးငွေကျပ် ၃၆၃၇၂၀ဝ ရှိ စာအုပ်များကို မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် စာကြည့်တိုက်၊ အမျိုးသားစာကြည့်တိုက်-ရန်ကုန်၊ ရန်ကုန်တက္ကသိုလ် တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်များသို့ ပေးအပ်လှူဒါန်းရာ စာကြည့်တိုက် ကိုယ်စားလှယ်များက လက်ခံရယူကြပြီး၊ အမျိုးသားစာကြည့်တိုက်မှ ညွှန်ကြားရေးမှူး ဒေါ်ရီရီထွေးက ကျေးဇူးတင်စကား ပြောကြားသည်။
စီးပွားရေးလုပ်ငန်းကြီးကြပ်သူများအတွက် စာရင်းအင်းပညာအသုံးပြုခြင်း အတွဲ-၁ စာအုပ်သည် စာရင်းအင်းလေ့လာသည့် ကျောင်းသား ကျောင်းသူများ စီးပွားရေးလုပ်ကိုင်သူများအတွက် အထောက်အကူပြုသည့် အချက်အလက်များ ပါဝင်သည့် စာအုပ်တစ်အုပ်ဖြစ်ကြောင်း သိရသည်။
သန့်ဇင်ဝင်း