၁၉ ဇန်နဝါရီ
ရဝမ်ဒါနိုင်ငံ မြို့တော်ကစ်ဂါလီတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုများ မြင့်မားလာသဖြင့် ယမန်နေ့က အသွားအလာ ကန့်သတ်မှု ပြန်လည်ချမှတ်ခဲ့သည်။
ထိုမြို့အတွင်း မလိုအပ်ဘဲ သွားလာလှုပ်ရှားမှုများကို တားမြစ်ထားသည့် ၁၅ ရက်ကြာပြီးနောက်တွင် ပြန်လည်သုံးသပ်ခဲ့ပြီး ယင်းသို့ အသွားအလာ ကန့်သတ်ချက် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
လူအုပ်စုအတွင်း ရောဂါဖြစ်ပွားမှု၊ သေဆုံးမှုနှင့် ကူးစက်ပျံ့နှံ့မှုများ မကြုံစဖူးမြင့်တက်လာမှုကြောင့် အစိုးရအဖွဲ့က အွန်လိုင်း အစည်းအဝေး ပြုလုပ်ပြီး ရောဂါကူးစက် ပျံ့နှံ့မှုများ နှေးကွေးရန် အလို့ငှာ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များကို စောင့်ကြည့်လိုက်နာကြရန် ပြည်သူများကို ပန်ကြားခဲ့သည်။
အဆိုပါ အစိုးရအဖွဲ့က လူမှုဆက်ဆံရေးများ သိသိသာသာ လျှော့ချရန်နှင့် မရှိမဖြစ် သွားလာရန် လိုအပ်သော လှုပ်ရှားသွားလာမှုများကို ကန့်သတ်ထားရန် ကစ်ဂါလီမြို့သားများအား တိုက်တွန်း ပြောကြားထားသည်။
ကစ်ဂါလီနှင့်အခြားသောနေရာများအကြား ခရီးသွားလာမှုကို ပိတ်ပင်ထားပြီး ထိုမြို့အတွင်းရှိ အများပြည်သူသယ်ယူပို့ဆောင်မှုများကို ဆိုင်းငံ့ထားသည်။
ထိုအသွားအလာ ကန့်သတ်ထားမှု စီမံချက်များတွင် စီးပွားရေး လုပ်ငန်းများ ပိတ်ထားခြင်းနှင့် နေအိမ်မှ အလုပ်လုပ်ခြင်းတို့လည်း ပါဝင်သည်။
ရဝမ်ဒါနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကစ်ဂါလီမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၃၉ ဦး အပါအဝင် ၂၂၇ ဦး ထပ်မံတွေ့ရှိခဲ့သည်။
ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၁၂၅၉ ဦး၊ ရောဂါသက်သာပြီး ပြန်လည်ကောင်းမွန်လာသူ ၇၄၁၂ ဦးရှိပြီး ထိုရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၄၆ ဦး ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို