ဖေဖော်ဝါရီ ၂၈
ရဝမ်ဒါနိုင်ငံ၏လူဦးရေသည် ၂၀၁၂ ခုနှစ်က ၁၀ ဒသမ ၅ သန်းရှိရာမှ ၂၀၂၂ ခုနှစ်တွင် လူဦးရေ ၁၃ ဒသမ ၂ သန်းကျော်ရှိလာရာ လွန်ခဲ့သော ၁၀ နှစ်အတွင်း လူဦးရေ ၂ ဒသမ ၇ သန်းတိုးလာသည်ဟု နိုင်ငံ၏မြို့တော် ကီဂါလီတွင် ကျင်းပသည့် အမျိုးသားဖိုရမ်တစ်ခု၌ ပြီးခဲ့သည့်နှစ် လူဦးရေနှင့် အိုးအိမ်သန်းခေါင်စာရင်းကောက်ယူမှုစာရင်းအရ သိရသည်။
နိုင်ငံလူဦးရေစုစုပေါင်း၏ ၅၁ ဒသမ ၅ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ပြီး ၄၈ ဒသမ ၅ ရာခိုင်နှုန်းသည် အမျိုးသားများဖြစ်သဖြင့် အမျိုးသမီးဦးရေသည် အမျိုးသားဦးရေထက်ပိုမိုများပြားပြီး ပျမ်းမျှအားဖြင့် အိမ်ထောင်စုတစ်စုတွင် ကလေးငယ်လေးဦးပါရှိကြောင်း ကိန်းဂဏန်းများဖြင့် ဖော်ပြထားသည်။
ရဝမ်ဒါအရှေ့ပိုင်းတွင် လူဦးရေ ၃ ဒသမ ၅ သန်းရှိသဖြင့် လူဦးရေအများဆုံးဖြစ်ပြီး ရဝမ်ဒါတောင်ပိုင်းတွင် ၃ သန်းနှင့် ကီဂါလီမြို့တော်တွင် နေထိုင်သူ ၁ ဒသမ ၇ သန်းရှိသည်ဟု သိရသည်။
ရဝမ်ဒါလူမျိုးများသည် ပိုမိုကျန်းမာပြီး သက်တမ်းကြာမြင့်စွာနေထိုင်ကြသည်။ ကျန်းမာရေးကဏ္ဍပိုမိုကောင်းမွန်လာသဖြင့် နိုင်ငံသားများ၏သက်တမ်းသည် လွန်ခဲ့သော ၁၀နှစ်က ၆၄ ဒသမ ၅ နှစ်မှ ၂၀၂၂ ခုနှစ်တွင် ၆၉ ဒသမ ၆ နှစ်အထိ မြင့်တက်လာခဲ့သည်ဟု နှစ်ရက်ကြာကျင်းပသည့် အမျိုးသားဖိုရမ်တွင် ကိန်းဂဏန်းများဖော်ပြခဲ့သည့် ရဝမ်ဒါအမျိုးသားအင်စတီကျု့၏ ညွှန်ကြားရေးမှူးချုပ် ယူဆပ်မူရန်ဂွာက ပြောကြားသည်။
နိုင်ငံ၏လူငယ်ဦးရေသည် ၂၀၁၂ ခုနှစ်တွင် ၇၀ ဒသမ ၃ ရာခိုင်နှုန်းရှိရာမှ ၂၀၂၂ ခုနှစ်တွင် ၆၅ ဒသမ ၃ ရာခိုင်နှုန်းသို့လျော့ကျခဲ့သည်ဟု သိရသည်။
အိမ်ထောင်စုများ၏ ၆၉ ရာခိုင်နှုန်းသည် စိုက်ပျိုးရေးလုပ်ငန်းများတွင်လုပ်ကိုင်ဆောင်ရွက်ကြပြီး ၂၇ ဒသမ ၉ ရာခိုင်နှုန်းသည် မြို့ပြတွင် နေထိုင်ကြသည်။
ထိုဖိုရမ်တွင် သမ္မတပေါလ်ကာဂါမီသည် သဘာပတိအဖြစ်ဆောင်ရွက်ပြီး လူပေါင်း ၁၅၀၀ ကျော်ပါဝင် တက်ရောက်ကြသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို