ပူတာအို ၂၅ ဧပြီ     

 

မြန်မာနိုင်ငံ အေဂျီ(ဧဝံဂေလိ)အသင်းတော်များ၊ အမှတ်(၂)သာသနာခရိုင်၊ ကောင်ဧမာနွေလ အသင်းတော်က ကြီးမှူး၍ နွေရာသီကျောင်းပိတ်ကာလအတွင်း ကျောင်းသူကျောင်းသားများ အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်စေရန်နှင့် မိမိစာပေများကို မြတ်နိုးတန်ဖိုးထား ထိန်းသိမ်းတတ်လာစေရန် ရည်ရွယ်လျက် ရဝမ်တိုင်းရင်းသားစာပေ နွေရာသီ အခြေခံသင်တန်းများကို ယခုလအတွင်း ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

 

သင်တန်းတွင် ရဝမ်တိုင်းရင်းသားစာပေ မူလတန်းအဆင့် သင်ရိုးသစ် Grade-1 ၊ Grade-2၊ Grade-3 သင်ခန်းစာများကို သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းသို့ အသင်းတော်အတွင်းရှိ ကျောင်းသူကျောင်းသားများ စုစုပေါင်း ၁၄၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ရဝမ်တိုင်းရင်းသား စာပေသင်တန်းအပြင် တယောထိုးသင်တန်း၊ ယဉ်ကျေးလိမ္မာသင်တန်း၊ အဆို အက သင်တန်း၊ ဂီတ သင်တန်း၊   English Grammar သင်တန်းများကို ထည့်သွင်းဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းကို နေ့စဉ်နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ၊ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ တစ်ပတ်လျှင် ငါးရက်ဖြင့် သင်တန်းကာလ တစ်လကြာ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

 

ကောင်ဧမာနွေလ အသင်းတော်အနေဖြင့် ယင်းသင်တန်းများကို နွေရာသီကျောင်းပိတ်ရက် ကာလများတွင် နှစ်စဉ်ဖွင့်လှစ်ပေးလျက်ရှိရာ   ယခုသင်တန်းသည် တတိယအကြိမ်မြောက် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

 

ဖုန်ကန်(ပူတာအို)

 

DSC0