နေပြည်တော် ဩဂုတ် ၂၂

အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့  ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေ နှင့် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် နှင့် ပါမောက္ခဒေါက်တာအေးထွန်း၊ ကာကွယ်ရေးဝန်ကြီးဌာန တပ်မတော် သတင်းနည်းပညာဌာနမှဌာနမှူး၊ တပ်မတော်ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် ကျန်းမာရေးနှင့်ရောဂါနှိမ်နင်းရေးတပ်မှ တပ်မှူး၊ နှီးနွှယ်ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေနေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦး စီးဌာနမှူးများ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းများမှ တာဝန်ရှိသူများ၊ WHO၊ UNICEF တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာနသည် မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်၍ သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ် ဆေးထိုးနှံမှုခံယူရန် အကျုံးဝင်သောမိန်းကလေးငယ်များကို စာရင်းကောက်ယူခြင်း၊ ကာကွယ်ဆေးထိုးနှံ ခြင်းခံယူမည့် မိန်းကလေးငယ်များအား ဖိတ်ကြားလွှာပေးပို့ပြီး မိဘ/ အုပ်ထိန်းသူများ၏ သဘောတူညီချက်ရယူခြင်း၊ ကာကွယ်ဆေးထိုးစုရပ်ပြင်ဆင်ရာတွင် ကူညီဆောင်ရွက်ခြင်း၊ ကာကွယ်ဆေးထိုးနှံ သည့်နေရာများ စနစ်တကျရှိရန် ဆောင်ရွက်ခြင်းနှင့် ကာကွယ်ဆေး ထိုးနှံချိန်တွင် လိုအပ်သည်များကို ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း က ကမ္ဘာတစ်ဝန်းတွင် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနှုန်းမှာ အမျိုးသမီးဦးရေ တစ်သိန်းတွင် (၁၃ဒသမ၃)ဦးရှိကြောင်းနှင့် ရောဂါကြောင့်သေဆုံးမှုမှာ (၆ဒသမ၉)ဦးရှိကြောင်း၊ သားအိမ်ခေါင်း ကင်ဆာရောဂါကြောင့် သေဆုံးသူများ၏ ရာခိုင်နှုန်း(၉၀)မှာ ဖွံ့ဖြိုးမှုနည်းသောနိုင်ငံများတွင်ဖြစ်ပြီး ၎င်းနိုင်ငံများတွင် ရောဂါကြောင့်သေဆုံးမှု နှုန်းမြင့်မားနေသည်ကို တွေ့ရကြောင်း၊ သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံထားခြင်းဖြင့် အသက်ငယ်ရွယ်သည့် မိန်းကလေးများတွင် သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားစေသည့် Human Papilloma Virus(HPV) သားအိမ်ခေါင်း ကင်ဆာဗိုင်းရပ်စ်ပိုး ကူးစက်မှုနှုန်းကို (၈၃) ရာခိုင်နှုန်း လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ယခုထိုးနှံပေး မည့်ကာကွယ်ဆေးမှာ HPV ပိုးအမျိုးအစား (၄)မျိုးကို ကာကွယ်နိုင်သည့် ကာကွယ်ဆေးဖြစ်ပြီး အဆိုပါကာကွယ်ဆေးထိုးနှံမှုခံယူခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှုကို (၉၅)ရာခိုင်နှုန်း အထိ ကာကွယ်ပေးနိုင်မည် ဖြစ်ကြောင်းပြောကြားသည်။ 

ထို့နောက် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်း အထိမ်းအမှတ် မှတ်တမ်း ဗွီဒီယိုပြသပြီး အခမ်းအနားသို့ တက်ရောက်လာသူများသည်ပြခန်းငယ်များကို လှည့်လည်ကြည့်ရှုကြသည်။

ယင်းနောက် ဒုတိယပိုင်းအစီအစဉ်အဖြစ် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သောအဖွဲ့သည် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း သီရိမင်္ဂလာခန်းမသို့ သွားရောက်၍ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာနခွဲနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော် သော မိန်းကလေးငယ်(၁၄၆) ဦးအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုကို ကြည့်ရှုအားပေးကြပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၂၀၂၂)ခုနှစ် ဩဂုတ်လထုတ်ပြန်ချက်အရ သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို အရှေ့တောင်အာရှနိုင်ငံများတွင် မြန်မာနိုင်ငံ၊ ဘူတန်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ မော်လဒိုက်နိုင်ငံများတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကာကွယ်ဆေး ထိုးအစီအစဉ်များတွင် ထည့်သွင်းထိုးနှံပေးလျက်ရှိပြီး မြန်မာနိုင်ငံ၏ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် (၁၃)မျိုးမြောက် ထိုးနှံပေးသည့် ကာကွယ်ဆေးဖြစ်သည်။ 

သားအိမ်ခေါင်း ကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်ကို  ဩဂုတ်လနှင့် စက်တင်ဘာလတွင် ကျောင်းအခြေပြု ထိုးနှံပေးခြင်းဖြစ်ပြီး အောက်တိုဘာလတွင် ပြည်သူလူထုအခြေပြုထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်