၂၃ နိုဝင်ဘာ
မိန်းမကိုယ်ဝမှာ တစ်ဆို့ဆို့ကြီးနဲ့၊ နေရထိုင်ရခက် အောင့်တောင့်တောင့်နဲ့ ဖြစ်နေလို့ ဆရာဝန်ဆီ ပြေးတဲ့အခါ သားအိမ်ကျနေပြီဆိုတဲ့ ဝေဒနာကိုယ့်မှာ ခံစားနေရပြီဆိုတဲ့ အဖြေထွက်လာပြီဆိုရင် လန့်သွားတတ်ကြတာ အမျိုးသမီးတိုင်းပါ။ ဗိုက်ထဲမှာရှိရမယ့် သားအိမ်ကြီးက ဘာ့ကြောင့် မိန်းမကိုယ်အပြင်ဘက်ကို ထွက်ကျလာတာလဲ။ ဘယ်လို ကုသကြမလဲ။
သားအိမ်ကျတဲ့ ပြဿနာ ဘာ့ကြောင့်ဖြစ်ရတာလဲ။
အဓိကကတော့ သားအိမ်ကို ထိန်းထားတဲ့ တင်ပဆုံကြွက်သားတွေနဲ့ အရွတ်တွေ အားလျော့သွားတာကြောင့် ဖြစ်ရတာပါ။ ဒီတော့ ဒီကြွက်သားနဲ့ အရွက်တွေကို အားလျော့စေတဲ့ ပြဿနာတွေဖြစ်တဲ့။
ကိုယ်ဝန်ဆောင်တဲ့ အကြိမ်အရေအတွက်များတာ
မီးဖွားချိန် သားအိမ်ဝန်းကျင်ကို ထိခိုက်မိတာ
ပေါင်များတဲ့ ကလေး၊ ကလေးကြီးကြီးတွေကို မိန်းမကိုယ်ကနေ ရိုးရိုးမွေးတာ
ကိုယ်အလေးချိန် များနေတာ အဝလွန်နေတာ
သွေးဆုံးချိန် အီစတိုဂျင်ဟော်မုန်းနည်းလာတာ
ဝမ်းချုပ်အပူအပုပ်များလို့ ဝမ်းချုပ်တာလားလွန်းလို့ တစ်ခါဝမ်းသွားရင် ညှစ်ညှစ်ပြီးသွားရတာ
နာတာရှည်ချောင်းဆိုးရလွန်းလို့ ဗိုက်ကို သွားသွားညှစ်သလိုဖြစ်နေတာနဲ့
အလေးအပင်တွေ မလွန်းတာ စတာတွေက သားအိမ်ကျခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်း တွေပါ။
ဒီလို အကြောင်းအရင်းတွေထဲက တစ်ခုခုကိုယ့်မှာ ရှိခဲ့လို့ သားအိမ်ကျတဲ့ ပြဿနာရှိပြီဆိုရင် ဘယ်လိုကုသကြမလဲ။
သားအိမ်ကျတဲ့ ပြဿနာကို ကုသမှုဟာ သားအိမ်ကျတဲ့ အဆင့်ဆိုးရွားမှုတွေပေါ် မူတည်ပါတယ်။
Pessary – ရာဘာကွင်းစွတ်ခြင်း။ ကျနေတဲ့ သားအိမ်နဲ့ တစ်ရှူးမအပိုင်းအစတွေကို ထိန်းဖို့ သားအိမ်ရာဘာကွင်းစွတ်တာကတော့ သားအိမ်ကျတဲ့သူတိုင်းကို ကုသနေကျနည်းတစ်ခုပါ။
ခွဲစိတ်မှု – တစ်ချို့ ပြင်းထန်တဲ့သားအိမ်ကျတဲ့ ပြဿနာတွေမှာဆို ခွဲစိတ်မှုလုပ်ဖို့ လိုအပ်ပါတယ်။
ခွဲစိတ်မှုတွေကတော့ – ကိုယ့်ကိုယ်ခန္ဓာက ကြွက်သားတွေကိုပြန်ယူပြီး အားနည်းနေတဲ့ တင်ပဆုံ ကြွက်သားတွေကို ပြန်ပြီး ပြုပြင်ခွဲစိတ်တာမျိုးနောက်ဆုံး မရတော့တဲ့ အခြေအနေမှာဆို သားအိမ်ကို ထုတ်လိုက်တာမျိုးတွေစတဲ့ နည်းတွေနဲ့ ကုသလို့ ရပါတယ်။
ဒီလိုခွဲစိတ်ကုသတာအပြင် ကိုယ့်ဘက်ကပြောင်းလဲဖို့ လိုအပ်တဲ့ လူနေမှု ပုံစံတွေ ရှိပါသေးတယ်။ ဒါတွေကတော့ စစချင်း သိပ်မပြင်းထန်တဲ့ ကိစ္စမှာတော့ ဘာပြဿနာမှ မရှိသေးတဲ့အတွက် ထွက်ခါစပြုနေတဲ့ သားအိမ်ပြန်ဝင်သွားအောင် Kegel exercises လေ့ကျင့်ခန်းလုပ် ကိုယ်အလေးချိန် လျှော့တာတွေအပြင် အားနဲ့ညှစ်စေတဲ့ ကျန်းမာရေးပြဿနာတွေဖြစ်တဲ့ ချောင်းဆိုးတာတွေ ဝမ်းချုပ်တာတွေကိုပါ ကုသဖို့ လိုအပ်ပါတယ်။
နောက်ပြီး အလေးအပင်မတာတွေကိုလည်း လျှော့ဖို့လိုအပ်ပါတယ်။
ရေးသားသူ Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်”