ကိုယ်ဝန်ရှိဖို့ဆိုရင် အရင်ဆုံးမျိုးအောင်ပြီး သန္ဓေတည်ရပါတယ်။ မမျိုးဥလေးနဲ့ သုတ်ကောင်လေးက သားဥပြွန်မှာ ဆုံတွေ့မယ်။ မျိုးအောင်မယ်။ သန္ဓေသားလေးဖြစ်မယ်။ အဲ့သန္ဓေသားလေးက သားဥပြွန် ကနေ ပြန်ဆင်းလာပြီး သူ့အတွက် ကျယ်ကျယ်ဝန်းဝန်းရှိတဲ့ သားအိမ်နံရံမှာ ပြန်လာတွယ်မယ်။ ဒါကပုံမှန်ကိုယ်ဝန်ဆောင်တဲ့ပုံစံပါ။ တချို့တွေကတော့ ထူးထူးခြားခြား သန္ဓေအောင်ပြီးခါမှ သန္ဓေတည်ခါနီးကျရင် သားအိမ်ကို ဆင်းမလာဘဲ သားဥပြွန်မှာ သန္ဓေတည်လိုက်ပါတယ်။ တချို့ကျတော့လည်း သားဥအိမ်၊ သားအိမ်ခေါင်း၊ ဝမ်းဗိုက်ထဲထိ သန္ဓေတည်တတ်ပါတယ်။ ဒါကြောင့် အလွယ်ပြောရင် သားအိမ်ကလွဲပြီး တခြားနေရာမှာ သန္ဓေတည် ရင် သားအိမ်ပြင်ပသန္ဓေတည် တယ်လို့ ခေါ်ပါတယ်။
ဘာကြောင့်ဖြစ်ရတာလဲ
သားအိမ်ပြင်ပသန္ဓေတည်တဲ့ထဲမှာ သားဥပြွန်မှာသန္ဓေတည်တာအများဆုံးပါ။ ၉၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။ သားဥပြွန်ကနေ သားအိမ်ကိုဆင်းလာတဲ့လမ်းမှာ ကြာနေတာကြောင့် သားဥပြွန်မှာ သန္ဓေတည်လိုက်တာပါ။ သားဥပြွန်မှာ ချို့ယွင်းချက်တစ်ခုခုရှိနေရင် သန္ဓေတည်ဖို့ အောက်ကို ဆင်းမလာနိုင်ဘဲ လမ်းမှာတန့်နေမှာပါ။ ဥပမာပြောရရင်
• သားဥပြွန်မှာ ပိုးဝင်လို့ဖြစ်ဖြစ်၊ ခွဲစိတ်မှုလုပ်ထားရင်ပဲဖြစ်ဖြစ် ရောင်ရမ်းပြီး အနာရွတ်တွယ်လို့ ကျဉ်းသွားတာ
• ဟော်မုန်းအပြောင်းအလဲတွေ
• မျိုးဗီဇတွေ
• မွေးရာပါချို့ယွင်းချက်တွေ
• မျိုးပွားအင်္ဂါနဲ့ သားဥပြွန်ကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေ စတာတွေပဲဖြစ်ပါတယ်။
ဘယ်သူတွေပိုဖြစ်နိုင်လဲ
• အသက် ၃၅ ကျော်မှကိုယ်ဝန်ဆောင်တဲ့ အမေတွေ
• မိန်းမကိုယ်အတွင်းပိုင်း ခွဲစိတ်မှုလုပ်ထားတဲ့သူတွေ၊ ဗိုက်ခွဲဖူးတဲ့သူတွေ၊ ခဏခဏ ကိုယ်ဝန်ပျက်ကျ တတ်တဲ့သူတွေ
• မိန်းမကိုယ်အတွင်းပိုင်း ပိုးဝင်ပြီးရောင်ရမ်းဖူးသူတွေ
• သားအိမ်တစ်ရှူးနေရာမှားရှိသူတွေ (endometriosis)
• သားကြောဖြတ်ထားပြီး (tubal ligation) သို့မဟုတ် သားအိမ်ထဲပစ္စည်းထည့်ပြီး ကိုယ်ဝန်တားထားလျက်နဲ့ ကိုယ်ဝန်ရသွားသူတွေ
• သားဥကြွဆေးတွေသုံးပြီး သန္ဓေအောင်အောင်လုပ်ထားသူတွေ
• ဆေးလိပ်သောက်တဲ့သူတွေ
• အရင်က သားအိမ်ပြင်ပသန္ဓေတည်ဖူးသူတွေ
• ဆီးပူညောင်းကျ သို့မဟုတ် ကလိုင်မိုင်းဒီးယား စသဖြင့် လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါဖြစ်ဖူးသူတွေ
• သားဥပြွန်ပုံပျက်နေတဲ့သူတွေမှာဖြစ်နိုင်ချေများပါတယ်။
ဘာလက္ခဏာပြမှာလဲ
တချို့ဆိုရင် သိတောင်မသိလိုက်ပါဘူး။ တချို့ကျတော့လည်း ကိုယ်ဝန်ရှိသလိုမျိုး ရာသီထိန်တာ၊ပျို့တာ၊ ရင်သားနာတာစသဖြင့်ခံစားရပါတယ်။ ဆီးစစ်ကြည့်တော့လည်း ၂ကြောင်းပေါ်ပါတယ်။ နေရာလွဲတာကလွဲရင် သာမန်ကိုယ်ဝန်ဆောင်တွေနဲ့တူတူပါပဲ။ ဒီသန္ဓေသားလေးကြီးလာလေလေ လက္ခဏာတွေ ပိုပေါ်လေလေပါပဲ။ အရင်ဆုံး လက္ခဏာကတော့ မိန်းမကိုယ်အတွင်းပိုင်းကအောင့်တာပါ။ သွေးလည်းနည်းနည်းဆင်းပါမယ်။ သားဥပြွန်ကနေ သွေးထွက်လာလေလေ ဗိုက်အောင့်လေပါပဲ။ ဝမ်းသွားချင်သလိုလို နေမထိထိုင်မသာဖြစ်နေပါမယ်။ ဒီထက်ပိုများလာရင်တော့ သွေးတွေ ဝမ်းခေါင်းထဲထိရောက်လာပြီး ပုခုံးနာတတ်ပါတယ်။ သန္ဓေသားလေး ဒီထက်ပိုကြီး လာရင်တော့ သားဥပြွန်ပေါက်ထွက်သွားပြီး အသက်အန္တရာယ်ရှိပါတယ်။ ဒါကြောင့်
• ကိုယ်ဝန်ရှိချိန်မှာ ဗိုက်တော်တော်အောင့်နေတယ်
• သွေးဆင်းလည်းများလာတယ်
• ခေါင်းတွေမူးပြီး တစ်ချက်တစ်ချက်မိုက်ခနဲဖြစ်သွားတယ်ဆိုရင် ဆေးရုံကိုမြန်မြန်သွားပါ။ ဒါက သားဥပြွန်ပေါက်ပြီး သွေးလွန်တဲ့လက္ခဏာပါ။
ဒါကြောင့် သားအိမ်ပြင်ပသန္ဓေတည်တာရှိရင် အမြန်ဆုံးကုသပါ။ အချိန်ကြာလာလေလေ သားဥပြွန် ပေါက်နိုင်လေလေ သွေးထွက်လွန်ပြီး အသက်အန္တရာယ်ရှိလေလေပါ။
ကုသနည်းများ
သွေးထွက်တာလည်းနည်းတယ်။ လောလောဆယ်အန္တရာယ်မရှိဘူးလို့ယူဆရင် ဆေးထိုးလို့ရပါတယ်။ ခွဲစိတ်လို့ရပါတယ်။ သွေးဆင်းများတယ်ဆိုရင်တော့ အရေးပေါ်ခွဲစိတ်တာမျိုးလုပ်ရမှာပါ။
ကာကွယ်နည်းများ
ကာကွယ်လို့ရတဲ့နည်းလမ်းတော့မရှိပါဘူး။ ဖြစ်နိုင်ချေနည်းချင်ရင်တော့
• လိင်ဆက်ဆံဖော်နည်းပါစေ။
• လိင်ကတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေမဖြစ်အောင် အတူနေရင်ကွန်ဒုံးသုံးပါ။
• ဆေးလိပ်မသောက်ပါနဲ့။ သောက်တတ်ရင် ကိုယ်ဝန်မယူခင်ကြိုဖြတ်ထားပါ။
သားအိမ်ပြင်ပသန္ဓေတည်ပြီးရင် နောက်တစ်ခါကိုယ်ဝန်ယူဖို့ အခက်အခဲရှိသွားပါပြီ။ သားဥပြွန် ခွဲထုတ်လိုက်ရရင် ပိုဆိုးပါတယ်။ ခွဲစိတ်ပြီးရင်လည်း အနည်းဆုံး၃လလောက် ပြန်စောင့်ပြီးမှ ကိုယ်ဝန်ပြန်ဆောင်သင့်ပါတယ်။ တစ်ခါဖြစ်ဖူးရင် နောက်တစ်ခါထပ်ဖြစ်နိုင်တာကြောင့် သားအိမ်ပြင်ပ သန္ဓေတည်ခြင်းရဲ့ လက္ခဏာတွေကို စောစောသတိထားမိဖို့ လိုပါတယ်။
ရေးသားသူ Dr. Htet Htet Zaw Win ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”