၁၁ သြဂုတ်
အိမ်ထောင်ပြုပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ဝန် မလိုချင်တဲ့ သူတွေအတွက် သန္ဓေတားနည်းတွေ အများကြီးပါ။ တားဆေးသောက်မလား ၊ ထိုးဆေးထိုးမလား၊ လက်မောင်းထဲ ပစ္စည်းထည့်မလား သားအိမ်ထဲပစ္စည်းထည့်မလား စသဖြင့်ပေါ့။
ဒါပေမယ့် အားလုံးသိကြတဲ့အတိုင်း ဟော်မုန်းပါတဲ့ တားဆေးတို့ ထိုးဆေးတို့က ရာသီမမှန်တာ၊ ကိုယ်အလေးချိန်တက်လာစေတာ အသားမဲတာတွေ ဖြစ်စေတယ်ဆိုတော့ ဒီ ဘေးထွက်ဆိုးကျိုးတွေ မခံစားချင်တဲ့သူတွေအတွက် ဟော်မုန်း မပါတဲ့ IUD ( သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း) က အကောင်းဆုံး အားကိုးရာ သန္ဓေတားနည်းဖြစ်နေတော့တာပေါ့။
ဒီတော့ ကိုယ်ဝန်မလိုချင်သေးတာကြောင့် IUD နဲ့ သန္ဓေတားဖို့ပြင်ဆင်နေတဲ့သူတိုင်း၊ IUD သုံးထားတဲ့သူတိုင်း သိထားသင့်တဲ့အချက်တွေကို ပြောပြပေးချင်ပါတယ်။
IUD ဆိုတာ ဘာလဲ။
IUD ဆိုတာ ဟော်မုန်းမပါတဲ့ သန္ဓေသားပစ္စည်းလေတစ်မျိုးဖြစ်ပြီး Y ပုံ သဏ္ဍန်ရှိပါတယ်။ သားအိမ်ရဲ့ ၄ ပုံ ၁ ပုံ အရွယ်အစားရှိတဲ့ ပလတ်စတစ်ချောင်းလေးရဲ့ ကိုယ်ထည်မှာ ကြေးနီရစ်ပတ်ထားတာဖြစ်ပါတယ်။ ပစ္စည်းလေးရဲ့ အဆုံးမှာတော့ ကြိုးလေးနှစ်ချောင်းပါမှာဖြစ်ပါတယ်။
ဘယ်လိုအလုပ်လုပ်တာလဲ
ကြေးနီပါဝင်တဲ့ သားအိမ်တွင်းထည့်ပစ္စည်းက သုက်ပိုးဟာ မမျိုးဥဆီမရောက်အောင်ခင် ရစ်ပတ်ထားတဲ့ ကြေးနီနဲ့တွေ့ပြီး အဆိပ်သင့်တားဆီးပေးခြင်းအားဖြင့် ကိုယ်ဝန်တားပေးပါတယ်။ တစ်ခါထည့်ထားရင် အနည်းဆုံး ၅ နှစ်လောက်အထိကိုယ်ဝန်ကို တားပေးမှာ ဖြစ်ပြီး ကလေးလိုချင်ရင် IUD ကို ပြန်ထုတ်လိုက်ရုံပါပဲ။
ဒီတော့ ကိုယ်ဝန်တားဖို့ IUD ပစ္စည်းလေးသုံးထားတဲ့ သူတိုင်း သိသင့်တာတွေက IUD ထည့်ပြီး ၁လအတွင်းမှာ ပစ္စည်းလေးနေရာလွဲတာ၊ ထွက်ကျလာတာနဲ့ အခြား ဘေးထွက်ဆိုးကျိုးတွေ အများဆုံး ဖြစ်နိုင်တာကြောင့် ထည့်ပြီး ၁ လလောက်ကြာရင် ဆရာဝန်တွေက ပြန်ချိန်းတတ်ပါတယ်။ အဲဒီအခါ မပျက်မကွက်သွားပါ့။
IUD မှာပါတဲ့ ကြိုးလေးကို တစ်လတစ်ခါ မှန်မှန် ကိုယ့်ဘာသာ အိမ်မှာ စမ်းကြည့်ဖို့လည်း အရေးကြီးပါတယ်။ IUD သာ နေရာမှန်မှာ ရှိနေမယ် လုံးဝေ ရွ့မသွားဘူးဆိုရင် သားအိမ်ခေါင်းအဝ မိန်းမကိုယ်အပေါ်ပိုင်းလောက်မှာ ကြိုးလေးကို စမ်းမိရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် IUD ပစ္စည်းသွားထည့်တည်းက ထည့်ပေးတဲ့ ဆရာဝန်ကို ကြိုး ဘယ်လိုစမ်းရမလဲ၊ ဘယ်လိုခံစားမှုမျိုးရမလဲဆိုတာ တစ်ခါတည်းမေးခဲ့ပါ။
အဖြစ်နည်းပေမယ့် သူ့ဘာသာသူ ထွက်ကျသွားတာမျိုးလည်း ဖြစ်နိုင်တဲ့အတွက် ကိုယ့်အတွင်းခံ၊ အိမ်သာနဲ့ မိန်းမကိုယ် တွေထဲမှာ ကြိုးစလေးရှည်လာမလာစမ်းကြည့်ပါ။ အမြဲသတိနဲ့ ကြည့်ပါ။ တကယ်လို့ ကြိုးစကြီး ရှည်ထွက်လာပြီဆိုရင် ကိုယ့်ဘာသာ မထုတ်ဘဲ ဆရာဝန်ဆီ သွားထုတ်ပါ။
IUD ထည့်ခြင်းရဲ့ကြောက်စရာ အကောင်ဆုံး ဆိုးကျိုးကတော့ သားအိမ်ကနေပေါက်ပြီး ပစ္စည်းလေး ဗိုက်ထဲဝင်သွားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ၁၀ဝ၀ မှာ ၁ ယောက်လောက်ပဲဖြစ်တာကြောင့် အရမ်းကြီးစိုးရိမ်စရာ မလိုပါဘူး။ ဒီလို ဝင်သွားမယ်ရင် ဗိုက်အောင့် ဗိုက်နာတာတွေ ခံစားရမှာ ဖြစ်ပြီး ကြိုးစလည်း စမ်းလို့ မိတော့မှာ မဟုတ်ပါဘူး။ တကယ်ဝင်သွားတာ ဖြစ်ခဲ့ရင် ခွဲစိတ်ကုသမှု ခံယူဖို့လိုအပ်တဲ့ အခြေအနေတစ်ခုပါ။
ဒီတော့ အချုပ်ပြောရရင် ထည့်ထားတဲ့ IUD နေရာမှားနေတယ် ၊ ထွက်ကျသွားတယ်၊ ဗိုက်ထဲဝင်သွားတယ် စတာတွေကို ပြောနိုင်တာက ကြိုးနှစ်ချောင်းဖြစ်တဲ့အတွက် အိမ်မှာ ကိုယ့်ဘာသာ တစ်လတစ်ခါ စမ်းကြည့်နေဖို့ လိုပါတယ်။
ရေးသားသူ - Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thin Yadanar @ Frances
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”