၂၁  ဇွန်

တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးလို့ တက္ကသိုလ်အသီးသီးကို မကြာခင်တက်ရောက်ကြတော့မယ့် သားတို့ သမီးတို့ရေ ... တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွေကို မတင်သွင်းမီ အခါသင့်လို့ အခွင့်ကြုံခိုက် သားတို့သမီးတို့ကို သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တွေရဲ့အကြောင်းကို အကျဉ်းချုံး မိတ်ဆက်ပြောပြချင်ပါတယ်။

စတင်ထူထောင်ခဲ့

မြန်မာနိုင်ငံမှာ တခြားနိုင်ငံတွေမှာလို သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များများစားစား မရှိပါဘူးကွယ်။ ရန်ကုန်တစ်ခု၊ မန္တလေးတစ်ခု စုစုပေါင်းနှစ်ခုပဲရှိပါတယ်။ တက္ကသိုလ်တစ်ခုစီမှာ ကျောင်းသား ကျောင်းသူ ဦးရေ ၁၀ဝ (ကျား ၆၀ ရာခိုင်နှုန်း၊ မ ၄၀ ရာခိုင်နှုန်း) လက်ခံပါတယ်။ သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်တစ်ယောက်ဖြစ်ဖို့အတွက် သင်တန်းကာလ ငါးနှစ်သင်တန်းကိုတက်ရောက်ရပြီး အောင်မြင်တဲ့အခါမှာ အလုပ်သင်ဆရာဝန်တာဝန်ကို တစ်နှစ်ထမ်းဆောင်ရပါတယ်။ သွားဘက်ဆိုင်ရာဆေးပညာဘွဲ့ရဖို့ စုစုပေါင်း ခြောက်နှစ်အချိန်ယူရပါတယ်။ အလုပ်သင်ဆရာဝန်တစ်နှစ် ကျေနပ်ဖွယ်ရာ ပြီးမြောက်အောင်မြင်အောင် ထမ်းဆောင်ပြီးရင် သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့(B.D.S)ကို ချီးမြှင့်ပြီး မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆိုင်ရာ ဆေးကောင်စီက သွားနှင့်ခံတွင်းဆိုင်ရာ ဆေးကုသခွင့်လိုင်စင် ထုတ်ပေးမှာဖြစ်ပါတယ်။ သွားဘက်ဆိုင်ရာဆေးပညာအစ သွားဆေးကောလိပ်ကဖြစ်ပါတယ်။ သွားဘက်ဆိုင်ရာ ဆေးပညာလောကရဲ့ ဖခင်ကြီး ပါမောက္ခဒေါက်တာ ဦးအောင်သန်း ဦးဆောင်ပြီး ၁၉၆၄ ခုနှစ်မှာ သွားဆေးကောလိပ်အဖြစ်နဲ့ စတင်ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ ကိုလံဘိုစီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အင်္ဂလန်နိုင်ငံက ပညာရှင်များကို ဖိတ်ခေါ်ပြီး လေ့ကျင့်ပညာသင်ကြားပေးခဲ့တဲ့အတွက် သွားဘက်ဆိုင်ရာဆေးပညာဘွဲ့ (B.D.S)ဟာ အင်္ဂလန်နိုင်ငံရဲ့ သွားဘက်ဆိုင်ရာ ဆေးပညာတက္ကသိုလ်များမှာ လက်ရှိကျင့်သုံးနေတဲ့ သင်ရိုးညွှန်းတမ်းများအတိုင်း အခြေပြု ရေးဆွဲထားတာ ဖြစ်ပါတယ်။

ဖြစ်ပေါ်တိုးတက်

သွားဆေးကောလိပ်ကနေ ၁၉၇၄ မှာ INSTITUTE OF DENTAL MEDICINE-Yangon၊ ၁၉၉၇ မှာ UNIVERSITY OF DENTAL MEDICINE-Yangon  (သွားဘက်ဆိုင်ရာဆေး တက္ကသိုလ်-ရန်ကုန်) အဖြစ် နှစ်ပေါင်း ၅၅ နှစ်အတွင်း အဆင့်ဆင့်ပြောင်းလဲဖြစ်ပေါ် တိုးတက်ခဲ့တာ ဖြစ်ပါတယ်။ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်- ရန်ကုန်ကတော့ အမှတ်(၅၈၂) သံသုမာလမ်း သွပ်ဝိုင်းကြီးရပ်ကွက် သင်္ဃန်းကျွန်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီးမှာ တည်ရှိပါတယ်။ သွားဘက်ဆိုင်ရာဆေး တက္ကသိုလ်-မန္တလေးကိုတော့ ၁၉၉၉-၂၀ဝ၀ ပညာသင်နှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး (၆၂)လမ်း ခုတင်(၃၀ဝ)ဆံ့ သင်ကြားရေးဆေးရုံကြီး တောင်ဘက်ချမ်းမြသာစည်မြို့နယ် မန္တလေးတိုင်းဒေသကြီးမှာ တည်ရှိပါတယ်။ သင်တန်းကာလငါးနှစ်အတွင်းမှာ စာတွေ့၊ လက်တွေ့များကို သင်ကြားပြီးတဲ့နောက် အလုပ်သင်ဆရာဝန်တာဝန် တစ်နှစ်ထမ်းဆောင်တဲ့အခါမှာ နိုင်ငံတော်ကတစ်လကို တစ်သိန်းငါးသောင်းကျပ် ချီးမြှင့်ပါတယ်။

သင်တန်းကာလ ဒုတိယနှစ်မှာ လူ့ခန္ဓာကိုယ်ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ (ခန္ဓာဗေဒ)၊ ဇီဝကမ္မဖြစ်စဉ် (ဇီဝကမ္မဗေဒ)၊ သွားဘက်ဆိုင်ရာခန္ဓဗေဒနဲ့ ဇီဝကမ္မဗေဒ ဘာသာရပ်တွေကို သင်ကြားရမှာဖြစ်ပါတယ်။ တတိယနှစ်မှာတော့ အဏုဇီဝဗေဒ၊ ရောဂါဗေဒ၊ ဆေးဝါးဗေဒ၊ သွားရောဂါကုအကြိုဆေး လက်တွေ့ပညာရပ်၊ သွားတုအကြိုဆေးပညာနှင့် သွားဘက်ဆိုင်ရာသုံး ပစ္စည်းပညာရပ်တို့ကို သင်ကြားရမှာဖြစ်ပါတယ်။ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တွေရဲ့ ထူးခြားချက်တစ်ခုကတော့ သင်တန်းကာလ တတိယနှစ်ကစတင်ပြီး သွားရောဂါဝေဒနာရှင်တွေကို နဖူးတွေ့ဒူးတွေ့ ကုသပေးရတဲ့အချက်ပါပဲ။ စတုတ္ထနှစ်မှာတော့ သက်ဆိုင်ရာ သင်ကြားရေးဆေးရုံကြီးတွေမှာ အထွေထွေဆေးပညာ၊ အထွေထွေခွဲစိတ်ကုပညာ ဘာသာရပ်တွေကို သွားရောက်သင်ကြားရတဲ့အပြင် သက်ဆိုင်ရာ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တွေမှာ ဆေးလက်တွေ့ပညာရပ်တွေကို သင်ကြားရမှာဖြစ်ပါတယ်။

နောက်ဆုံးနှစ်ကတော့ သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်တစ်ယောက်အနေနဲ့ အပင်ပန်းဆုံးကာလပါပဲ။ ဆေးလက်တွေ့ ဘာသာရပ်ရှစ်ခုကို ကျားကုတ်ကျားခဲ သင်ကြားလေ့လာရမှာ ဖြစ်ပါတယ်။ ပန်းတိုင်မရောက်ခင် လက်တစ်ကမ်းအလိုပေါ့။ သားတို့ သမီးတို့ရေ---- ငါးနှစ်တာ သင်တန်းအပြီး ကိုယ်လိုချင်ရာပန်းတိုင်ကို အရောက်လှမ်းနိုင်ပြီဆိုရင်တော့ ခေတ်နဲ့အမီ တိုးတက်ပြောင်းလဲနေတဲ့ သွားဘက်ဆိုင်ရာ ဆေးပညာဘာသာရပ်တွေကို အလုပ်သင်ဆရာဝန်ဘဝမှာ စာတွေ့၊ လက်တွေ့တစ်နှစ် ဆက်လက်ဆည်းပူးရမှာ ဖြစ်ပါတယ်။

အလွန်တရာအရေးကြီး

သားတို့ သမီးတို့ရေ----- သွားနှင့်ခံတွင်းကျန်းမာရေးဟာ လူ့ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးအတွက် အလွန်တရာ အရေးကြီးလှပါတယ်။ သွားနှင့်ခံတွင်းကျန်းမာရေးမကောင်းခဲ့ရင် ဆီးချို၊ သွေးချို ဝေဒနာရှင်တွေမှာ ဆိုးရွားတဲ့ နောက်ဆက်တွဲပြဿနာတွေ ပေါ်ပေါက်လာနိုင်သလို ကိုယ်ဝန်ဆောင်မိခင်တွေမှာဆိုရင်လည်း လမစေ့၊ ပေါင်မပြည့်တဲ့ ကလေးတွေမွေးဖွားနိုင်ပါတယ်။ သွားကိုက်၊ သွားနာ၊ သွားဖုံးယောင်နဲ့ သွားမြစ်ထိပ် ပြည်တည်နာ ဝေဒနာတွေကို သွားနှင့်ခံတွင်းဆိုင်ရာ ဗဟုသုတအသိအမြင် အားနည်းလို့ ကုသမှုဆောလျင်စွာ မခံယူခဲ့ရင် အဖျားပိုးဝင်၊ မျက်နှာတစ်ခုလုံး အပြင်းအထန် ရောင်ရမ်းရာကတစ်ဆင့် အသက်ရှူရခက်ခဲပြီး နောက်ဆုံးအသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်တဲ့ အနေအထားအထိ ဖြစ်နိုင်တဲ့အတွက် အထူးဂရုပြု ဖို့လိုပါသည်

သားတို့ သမီးတို့ သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ရရှိခဲ့ပြီးရင် ပြည်သူလူထုရဲ့ သွားနှင့်ခံတွင်း ကျန်းမာရေး စောင့်ရှောက်မှုတွေမှာ တစ်ထောင့်တစ်နေရာက ပါဝင်ခွင့်ရမှာဖြစ်တဲ့အတွက် ဒီပညာရပ်ဟာ ကုသိုလ်လည်းရ ဝမ်းလည်းဝတဲ့ အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခု ဖြစ်ပါတယ်။ သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ကို ရရှိပြီးတဲ့နောက်မှာလည်း သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တွေမှာ ဘွဲ့လွန်ဒီပလိုမာသင်တန်းတွေ၊ ဘွဲ့လွန်မဟာသိပ္ပံ အထူးပြုသင်တန်းတွေ၊ ဆေးလက်တွေ့ အခြေခံပါရဂူနဲ့ ဆေးလက်တွေ့ပါရဂူဘွဲ့ သင်တန်းတွေကို ဖွင့်လှစ်သင်ကြား ပေးနေပြီဖြစ်တဲ့အတွက် သားတို့သမီးတို့အနေနဲ့ နိုင်ငံ့ဝန်ထမ်းဘဝနဲ့ သင့်လျော်တဲ့ အချိန်ကာလတစ်ခုမှာ အဆင့်မြင့်ပညာရပ်တွေကို ဆက်လက်ဆည်းပူးနိုင်မှာ ဖြစ်ပါတယ်။

မွေးထုတ်ပေးနေ

နိဂုံးချုပ်အနေနဲ့ သားတို့ သမီးတို့ကို စကားလက်ဆောင်ပါးချင်တာကတော့ အတန်းပညာတစ်ခုတည်း တတ်မှရယ်လို့ မဟုတ်ပါဘူး၊ လူရယ်လို့ဖြစ်လာရင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့၊ ကိုယ့်မိသားစုကို ကျွေးမွေးစောင့်ရှောက်နိုင်တဲ့ အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားဖို့ လိုပါတယ်။ Education is the best provision for old age ဆိုတဲ့ စကားအတိုင်း ပညာရေးဟာ ဘဝနေဝင်ချိန်အတွက် အကောင်းဆုံးအဖော်မွန်ဖြစ်တဲ့အတွက် သားတို့သမီးတို့အနေနဲ့ ကိုယ့်ဘဝအတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုကို ရွေးချယ်တော့မယ်ဆိုရင် ကိုယ်ရွေးချယ်မယ့် ပညာရပ်ရဲ့အကြောင်းကို ခြေခြေမြစ်မြစ် ထဲထဲဝင်ဝင် သိထားဖို့လိုအပ်သလို ကိုယ်ကိုယ်တိုင်လည်း ကိုယ်ရွေးချယ်တဲ့ ပညာရပ်အပေါ် အမှန်တကယ် ဝါသနာ ပါ၊ မပါ ပြီးဆုံးအောင်မြင်အောင် လုပ်ဆောင်နိုင်စွမ်း ရှိ၊ မရှိ စဉ်းစားချင့်ချိန်ဖို့လိုပါတယ်။ ပြည်သူ့အတွက် ထက်မြက်ကျွမ်းကျင် သွားဆရာဝန်ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ဆရာတို့ တက္ကသိုလ်ကနေ ပြည်သူလူထုတွေ အားကိုးရမယ့် ထက်မြက်ကျွမ်းကျင်တဲ့ ဆရာဝန်တွေကို မွေးထုတ်ပေးနေပါတယ်။

သားတို့ သမီးတို့အနေနဲ့ တက္ကသိုလ်ဝင်ခွင့်မလျှောက်ခင် ဝင်ခွင့်လမ်းညွှန်စာအုပ်တွေထဲမှာပါတဲ့ လမ်းညွှန်ချက်တွေကို သေချာစွာ အသေးစိတ်ဖတ်ရှုဖို့လိုသလို တက္ကသိုလ်ဝင်ခွင့်နှင့်ပတ်သက်လို့ အခါအားလျော်စွာ ကျင်းပပြုလုပ်ပေးနေတဲ့ ပညာရှင်တွေရဲ့ စကားဝိုင်းတွေကို မပျက်မကွက်ကြည့်ရှု၊ နားထောင်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ပညာပြည့်ဝ၊ နှလုံးလှ၍၊ ဆုံးမလွယ်ကူ၊ သိလွယ်တတ်လွယ်သူများ ဖြစ်နိုင်ကြပါစေ။ ။

ပါမောက္ခ ဒေါက်တာရွှေတိုး