သာစည် ၁၅ မတ်

 

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်အတွင်း သောက်သုံးရေ ရှားပါးခက်ခဲသည့် ရပ်ကွက်ကျေးရွာများသို့ ရေသယ်ယာဉ်များဖြင့် နှစ်စဉ်ရေလှူဒါန်းပေးလျက်ရှိသော ဇေယျသုခရေလှူအသင်း နွေရာသီ ရွေ့လျားရေလှူစခန်းများ ဖွင့်ပွဲနှင့် ကိုရိုနာဗိုင်းရပ်စ် အသိပညာပေးလုပ်ငန်းများကို မတ် ၁၅ ရက် နံနက် ၇ နာရီခွဲက သာစည်မြို့ အမှတ်(၄)ရပ်ကွက် ဆိုင်လိုဝင်းရှေ့၌ ပြုလုပ်ကြောင်း သိရသည်။

 

0254

 

ရှေးဦးစွာ ဇေယျသုခရေလှူအသင်း ဥက္ကဋ္ဌ ဦးဟန်ခင်က အသင်း၏ ရည်ရွယ်ချက်များ၊ နှစ်စဉ်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊    ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဇေယျသုခရေလှူအသင်း နာယက   မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ လင်းထင်ကျော်က ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ သိမှတ်ဖွယ်ရာများ၊ ရောဂါမကူးစက်ရန် ကာကွယ်ရေးနည်းလမ်းများကို ရှင်းလင်းပြောကြားပြီး   ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ လက်ဆေးနည်းနှင့် နှာခေါင်းစည်း တပ်ဆင်အသုံးပြုပုံများကို လက်တွေ့ပြသသည်။ ထို့နောက် သောက်သုံးရေရှားပါးသော ဒေသများသို့ ရေလှူဒါန်းနိုင်ရန်    သာစည်မြို့ ဇီဝသုခသွေးလှူရှင်ပရဟိတအသင်း၊ ကပ်ကျေးအင်းကျေးရွာနှင့် ကန်စွယ်ကျေးရွာတို့မှ အလှူငွေများ ပေးအပ်လှူဒါန်းရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းမောင်နှင့် အသင်းနာယကတို့က လက်ခံပြီး ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်သည်။ 

 

ယင်းနောက် ကပ်ကျေးအင်းကျေးရွာ၊ သာစည်မြို့ အမှတ်(၄) ထိန်ကန်ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက်နေ ပြည်သူများထံ သွားရောက်၍ ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ လှူဒါန်းခဲ့ကြောင်း သိရသည်။ 

 

ဇေယျသုခရေလှူအသင်းကို ၂၀၁၆ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး မြို့နယ်အတွင်း သောက်သုံးရေရှားပါး ခက်ခဲသည့် ရပ်ကွက်ကျေးရွာများသို့ ရေသယ်ယာဉ် ၄ စီးဖြင့် အလှူရှင်စေတနာရှင်များ၏ ပံ့ပိုးကူညီမှုများနှင့် နှစ်စဉ် သောက်သုံးရေများ လှူဒါန်းပေးလျက်ရှိသည့်အပြင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့ပေါ် ၇ ရပ်ကွက်ရှိ မီးသတ်ရေကန်များကိုလည်း ရေများဖြည့်ဆည်းပေးလျက်ရှိရာ လှူဒါန်းလိုပါက ဦးမြင့်ဆွေ ဇေယျသုခရေလှူအသင်း ၀၉-၂၂၂၅၈၈၄ ထံ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

 

ထွန်းထွန်း(သာစည်)