မိတ္ထီလာ ၂၇ ဖေဖော်ဝါရီ
မိတ္ထီလာခရိုင် သာစည်မြို့နယ် ညောင်အိုင်ကျေးရွာ ကြက်သွန်စိုက်ခင်းများတွင် ရေသွင်းစနစ်မှ ရေဖျန်း စနစ်ပြောင်းလဲအသုံးပြုခဲ့ရာမှ ကြက်သွန်များ ပိုမိုထွက်ရှိခဲ့ကြောင်း သိရသည်။
ညောင်ကုန်ကျေးရွာရှိ ဒေသခံတောင်သူများမှာ စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြသော်လည်း ရာသီဥတု ကောင်းမွန်မှု မရှိသောကြောင့် သီးနှံအထွက်နှုန်းနည်းသည့်အတွက် မြေအောက်ရေ အသုံးပြု၍ ကြက်သွန်များကို စိုက်ပျိုးကြသည်။
ထိုသို့ ကြက်သွန်များစိုက်ပျိုးရာတွင် စက်ရေတွင်းများ တူး၍ အကျယ် အလျား ၈ တောင် ၊ အနံ ၄ တောင်ရှိ ကျင်းများဘောင်ခတ်ပြီး ရေသွင်းစိုက်ပျိုးကြသည်။ ယင်းသို့ ရေသွင်းစိုက်ပျိုးနေရာမှ ပြီးခဲ့သည့် နှစ်မှစတင်၍ မိမိတို့မိသားစု စိုက်ပျိုးထားရှိသည့် ကြက်သွန်စိုက်ခင်းများကို ရေပိုက်၊ရေဘားများကို အသုံးပြု၍ ရေဖျန်းစနစ်ဖြင့် စတင်၍ အသုံးပြုခဲ့သည်။
၎င်းရေဖျန်းစနစ် အသုံးပြုခြင်းကြောင့် ရေသွင်းရာတွင် နှစ်ဦးမှ သုံးဦးအထိ လိုအပ်ရာမှ ရေဖျန်းစနစ် အသုံးပြုခြင်းကြောင့် လူတစ်ဦးသာ လိုအပ်သည့်အတွက် လူအင်အားအသုံးပြုမှု လျော့ချနိုင်ခဲ့သလို ဘောင်ခတ် ထားသည့် ကျင်းများ မလိုအပ်တော့၍ ရေပိုက်သွယ်တန်းရာ နေရာမှအပ စိုက်ခင်းအတွင်းရှိ မြေနေရာအနှံ့ စိုက်ပျိုးနိုင်သည့်အတွက် ကြက်သွန်များလည်း ပိုမိုထွက်ရှိခဲ့သည့်အပြင် ကြက်သွန်များ တူးဖော်ရာတွင်လည်း ရေသွင်းစိုက်ပျိုးသည့် ကြက်သွန်စိုက်ခင်းများထက် ပိုမိုလွယ်ကူခဲ့ကြောင်း ညောင်အိုင်ကျေးရွာမှ ကြက်သွန်စိုက်တောင်သူ ဦးမျိုးဝေက ပြောကြားခဲ့သည်။
အဆိုပါ ရေဖျန်းစနစ်အသုံးပြုခြင်းဖြင့် ကြက်သွန်စိုက်ခင်းများတွင် လိုအပ်သည့် ရေပိုက်၊ ရေဘား များကို စနစ်တကျ ကိုင်တွယ်အသုံးပြုပါက ရေရှည်အသုံးပြုနိုင်သည့်အပြင် အလုပ်သမားအသုံးပြုမှု လျှော့ချနိုင်၍ ကုန်ကျစရိတ် သက်သာပြီး မြေနေရာများ အလေအလွင့်နည်းပါးကာ အထွက်နှုန်း ကောင်းမွန်လာမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


