သာစည် ဒီဇင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဖွင့်လှစ်သော ချည်မျှင်ရှည်ဝါ စိုက်ပျိုးနည်းစနစ်နှင့် မျိုးစေ့ထုတ်လုပ်မှုဆိုင်ရာ နည်းပညာပေး ဆင့်ပွားသင်တန်းကို ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး၌ ပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဌေးနိုင်က အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးငွေက ဝါစိုက်ရာသီတွင် မျိုးသန့်စိုက် ဧက လျာထားချက် ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးတို့ကို ပြောကြားသည်။
သင်တန်းတွင် အရည်အသွေးကောင်း ဝါမျိုးသန့်သတ်မှတ်ခြင်းနှင့် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ချည်မျှင်ရှည်ဝါမျိုးစေ့ ထုတ်လုပ်ရာတွင် အရည်အသွေးပြည့်မီရေးအတွက် လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ဝါသီးနှံတွင် ကျရောက်တတ်သော ပိုး/ရောဂါ ကာကွယ်နှိမ်နင်းနည်းနှင့် ချည်မျှင်ရှည်ဝါအထွက်နှုန်းတိုး စိုက်ပျိုးနည်းစနစ်နှင့် လုပ်ဆောင်ရမည့် လုပ်ငန်းများ စသည်တို့ကို ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ အောင်သာ၊ ရွာမွန်သာ၊ နှမ်းကန်၊ မကျီးကန်နှင့် ဉာဏ်ကန်ကျေးရွာအုပ်စုများမှ ဝါစိုက်တောင်သူများ တက်ရောက်ကြသည်။
မြို့နယ်(ပြန်/ဆက်)