ဝမ်းတွင်း ဇန်နဝါရီ ၁၉

 

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး မြေပြင်ကွင်းဆင်းကြီးကြပ်ရေး အဖွဲ့ခေါင်းဆောင် ဦးရွှေဇင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာခရိုင် သာစည်မြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်တွင် နွေသီးနှံဝါနှင့် နှမ်းပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ကွင်းဆင်းဆောင်ရွက်သည်။

 

ဦးစွာ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးနှင့်အဖွဲ့သည် အောင်သာကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ သာစည်မြို့နယ် အောင်သာကျေးရွာနှင့် နှမ်းကန်ကျေးရွာတို့မှ မိုးကြိုချည်မျှင် ရှည်ဝါ ဧက ၂၅၀ စိုက်ပျိုးမည့် ဒေသခံတောင်သူများနှင့်တွေ့ဆုံပြီး ဝါသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး အသိပညာပေးဆွေးနွေးကြပြီး တောင်သူများ၏ တင်ပြမှုများအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။

 

မွန်းလွဲပိုင်းတွင် နှမ်းကန်ကျေးရွာရှိ နှမ်းကန် (မြောက်) ကျောင်း ဆရာတော် ဦးသုန္ဒရအား သွားရောက်ဖူးမျှော်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး အဆိုပါကျောင်း၌ ဒေသခံဝါ စိုက်တောင်သူ ၁၆၅ ဦးနှင့်တွေ့ဆုံကာ မိုးကြိုချည်မျှင်ရှည်ဝါ ဧက ၁၀၀ စိုက်ပျိုးမည့်ဒေသခံ တောင်သူများအား ဝါသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် နည်းပညာများ၊ မျိုးကောင်း မျိုးသန့်များရရှိရေး၊ စိုက်ပျိုးရေရှိရေး၊ သွင်းအားစုများရရှိရေးတို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။

 

ထို့နောက် ဝမ်းတွင်းမြို့နယ် ဘုရားဖြူကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ နွေနှမ်း စိုက်ပျိုးမည့် တောင်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးက ပန်းတိုင်အထွက်နှုန်း ရရှိစေရေး ဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူးက ဘောင်ကြီးတင် စနစ်ဖြင့် စိုက်စနစ်၏ အားနည်းချက် အားသာချက်များနှင့် မျိုးရရှိရေးတို့ကိုလည်းကောင်း၊ တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချရေးဦးစီးဌာန တာဝန်ခံက ဆည်ရေပေးဝေမည့် အခြေအနေကိုလည်းကောင်း၊ စက်မှုလယ်ယာဌာန တာဝန်ခံက ထွန်ရေးပြင်ချိန်လိုအပ်မည့် ထွန်စက်ကူညီဆောင်ရွက်ပေးနိုင်မှု အခြေအနေကိုလည်းကောင်း၊ တိုင်းဒေသကြီး မြေစာရင်းဌာန တာဝန်ခံက မြေယာကိစ္စရပ်များကိုလည်းကောင်း၊ ရေအရင်းအမြစ် အသုံးချရေးဦးစီးဌာန တာဝန်ခံက ရေပေးဝေမှုများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်