သာစည် ဒီဇင်ဘာ ၃

မိတ္ထီလာခရိုင် သာစည်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၈ နာရီက မြို့နယ်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးဇော်ဇော်ဦးက အဖွင့်အမှာစကား ပြောကြားပြီး  သာစည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်က မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုအခြေအနေများကို  ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြသည်။ 

ထို့နောက်   တက်ရောက်လာသော    ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေနှင့် သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးလင်းရေးနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများ စသည်ဖြင့် ဒေသအလိုက် လိုအပ်လျက်ရှိမှုများကို တင်ပြဆွေးနွေးရာ    ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဌာနတာဝန်ရှိသူများက လိုအပ်ချက်များနှင့်ပတ်သက်၍   ဆောင်ရွက်ထားမှုများနှင့် ဆောင်ရွက်ပေးသွားမည့် အခြေအနေများကို ပြန်လည်ရှင်းလင်းဆွေးနွေးသည်။   

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအပြင်   ခရိုင်အတွင်းမြို့နယ်များ၌ ကိုဗစ်-၁၉ တတိယလှိုင်းကြုံတွေ့ခဲ့ရမှု အခြေအနေများကို ပြောကြားပြီး  ကာကွယ်ဆေးလွှမ်းခြုံနိုင်ရေး ဝိုင်ဝန်း ပူးပေါင်း ဆောင်ရွက်ပေးကြရန် မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ   တွေ့ဆုံဆွေးနွေးပွဲသို့    ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊    မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊  ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြခဲ့ကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)