သာစည် ၅ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် တောင်သူများ လယ်ယာလုပ်သား ရှားပါးမှုပြဿနာများ ဖြေရှင်းနိုင်ရန်နှင့် လုပ်ငန်းများလုပ်ဆောင်ရာတွင် အချိန်ကုန်သက်သာစေရန် ရည်ရွယ်ပြီး စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၂၆) စက်မှုလယ်ယာစခန်း သာစည်မြို့မှ ROUND BALER (ကောက်ရိုးထုံး)စက်ဖြင့် တောင်သူပညာပေးသရုပ်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီက ရွာမွန်သာကျေးရွာကွင်း တောင်သူဦးသက်နောင်မြင့်၏ လယ်မြေသုံးဧက၌ ပြုလုပ်ရာ တောင်သူများ စိတ်ဝင်တစားဖြင့် ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
ရှေးဦးစွာ မိတ္ထီလာခရိုင် စက်မှုလယ်ယာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဌေးက အဓိကရည်ရွယ် ဆောင်ရွက်လျက်ရှိသော လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းခြင်း၊ သရုပ်ပြပွဲများ ဆောင်ရွက်ရခြင်းရည်ရွယ်ချက်များ၊ ဌာနမှဆောင်ရွက်ပေးလျက်ရှိသော နည်းပညာပေးလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ စသည်ဖြင့် တောင်သူများအတွက် ရည်ရွယ်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ သာစည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဒေါ်မိုးမိုးငွေက ရာသီဥတုပြောင်းလဲမှုများ၊ ပြောင်းလဲလာသော ရာသီဥတုနှင့်အညီ ဆောင်ရွက်ရမည့် စိုက်ပျိုးရေးနှင့်ပတ်သက်သော ဒေသတွင်းအခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသော တောင်သူများက သိရှိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးသည်။
ယင်းနောက် တက်ရောက်လာသူများအား ROUND BALER (ကောက်ရိုးထုံး)စက်ဖြင့် လက်တွေ့ပြသပြီး စက်နှင့်ပတ်သက်သည်များကို မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးစည်သူကျော်က ရှင်းလင်းပြောကြားသည်။ အဆိုပါစက်ဖြင့် ကောက်ရိုးသိမ်းပါက လယ်တစ်ဧကလျှင် တစ်နာရီခန့်သာ အချိန်ကြာမြင့်ကြောင်း သိရသည်။
အဆိုပါ တောင်သူပညာပေးသရုပ်ပြပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းမောင်နှင့် ဌာနဆိုင်ရာများ၊ ရွာမွန်သာ၊ အောင်သာ၊ ဇီးပင်ပေါက်၊ မကျည်းကန်၊ သဲပုတ်ကုန်းကျေးရွာများနှင့် သာစည်မြို့ အမှတ်(၃)ရပ်ကွက်တို့မှ တောင်သူများ တက်ရောက်ကြကြောင်း သိရသည်။
ထွန်းထွန်း(သာစည်)