သာစည် ဒီဇင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် လူမှုဖူလုံရေးရုံးတွင် လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရ သေဆုံးသူအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့်ငွေလုံးငွေရင်း ငွေကျပ် ၇၂ သိန်းကို သေဆုံးသူ၏ မိခင်ထံ ဒီဇင်ဘာ ၁၇ ရက် နံနက် ၁၁ နာရီခွဲက ထုတ်ပေးကြောင်း မြို့နယ်လူမှုဖူလုံရေးရုံးမှ ဦးစီးအရာရှိ ဒေါ်ဂျိုတီးထံက သိရသည်။
“သေဆုံးသူ ဦးဝေယံစိုးရဲ့ မိခင် ဒေါ်မြရီထံ ထုတ်ပေးတာပါ။ သေဆုံးသူဟာ မြန်မာ့မီးရထား တိုင်းအမှတ်(၄) ကလောဘူတာမှာ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး သာစည်မြို့နယ် လူမှုဖူလုံရေးရုံးမှာ အကျုံးဝင်မှတ်ပုံတင်ထားတဲ့ အာမခံအလုပ်သမားဖြစ်ပါတယ်။ သူဟာ ဩဂုတ် ၂၃ ရက်က လုပ်ငန်း တာဝန်ထမ်းဆောင်ရင်း ထိခိုက်ဒဏ်ရာရ သေဆုံးသွားတာဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနဲ့အညီ ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်း ခွင့်ပြုထုတ်ပေးတာပါ နာရေးစရိတ် အနေနဲ့ စက်တင်ဘာ ၃ ရက်က ငွေကျပ် ၇၂၀၀၀၀ ကို ထုတ်ပေးခဲ့ပြီး အခု ထုတ်ပေးတာက ငွေကျပ် ၇၂ သိန်း စုစုပေါင်း ငွေလုံးငွေရင်းငွေကျပ် ၇၉၂၀၀၀၀ ခွင့်ပြုထုတ်ပေးခြင်းဖြစ်ပါတယ်” ဟု ကို ၎င်းက ဆက်ပြောသည်။
အဆိုပါ ကျန်ရစ်သူအကျိုးခံစားခွင့်ငွေလုံးငွေရင်း ထုတ်ပေးပွဲသို့ မြို့နယ်လူမှုဖူလုံရေးရုံးမှ တာဝန်ရှိသူများ၊ မြန်မာ့မီးရထား၊ တိုင်းအမှတ်(၄)မှ တာဝန်ရှိသူများနှင့်သေဆုံးသူ၏ မိခင်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
သာစည်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အလုပ်ဌာန ၁၁၁ ဌာနရှိကြောင်းနှင့် အာမခံအလုပ်သမား ၄၁၈၈ ဦးရှိကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်