ရန်ကုန် ၊ ဒီဇင်ဘာ ၂၂

မြန်မာနိုင်ငံတွင်မိချောင်း မျိုးစိတ်လေးမျိုးရှင်သန်လျက်ရှိပြီး ရေငန်မိချောင်းဖြစ်သည့် Crocodylus porosus မျိုးစိတ်တစ်မျိုးကို ရန်ကုန်မြို့၊ သာကေတမြို့နယ် စက်မှုဇုန်ရပ်ကွက် မိချောင်းမွေးမြူရေးစခန်းတွင် မွေးမြူထားပြီး ပြည်တွင်း၊ ပြည်ပခရီးသွားများကို ဗဟုသုတ ခရီးစဉ်အဖြစ် နေ့စဉ်ဖွင့်လှစ်ပြသထားကြောင်း သိရသည်။

သာကေတ မိချောင်းမွေးမြူရေးစခန်းကို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်တွင် ပိတ်ထားခဲ့ပြီး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ရာ စခန်းပြန်လည်ဖွင့်လှစ်ချိန်မှစ၍ ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက်ကြည့်ရှုလေ့လာလျက်ရှိကြောင်း သိရသည်။

“ ပြန်ဖွင့်တာမကြာသေးပေမယ့် ခရီးသွားတွေလာကြပါတယ်။ နိုင်ငံခြားသားအချို့လည်း လာရောက် လေ့လာကြပါတယ်။ ပြည်တွင်း၊ ပြည်ပခရီးသွားတွေကို ဝန်ထမ်းတွေက လိုက်လံရှင်းလင်းပြသပြီး မိချောင်းငယ်လေးတွေကို တို့ထိကိုင်ကြည့်ဖို့၊ ကုသိုလ်ဖြစ် အစာကျွေးမွေးဖို့နဲ့ လာရောက်ကြည့်ရှုသူတွေ ဘေးအန္တရာယ် ကင်းရှင်းရေးတို့ကို နေ့စဉ်ဆောင်ရွက်ပေးနေပါတယ်။ ရုံးပိတ်ရက်မှာ ခရီးသွားပိုဝင်လေ့ရှိပြီး မနေ့က ရုရှားခရီးသွားတွေ လာရောက်လေ့လာတာ တွေ့ရပါတယ်။ စခန်းမှာ မိချောင်း သားပေါက်အရွယ်ကနေ သဘာဝရေပြင်မှာလွှတ်ထားတဲ့ ငမိုးရိပ်မိချောင်းလို့ခေါ်တဲ့ ရေငန်မိချောင်း Crocodylus porosus တွေရဲ့ နေထိုင်ပုံကို လာရောက်ကြည့်ရှုလေ့လာဖို့ ဖိတ်ခေါ်ပါတယ်”ဟု မိချောင်းမွေးမြူရေးစခန်းနှင့် ရေအရည်အသွေး စစ်ဆေးရေးနှင့် ရေချိုစု သုတေသနဌာနစုတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြတ်ခိုင်မာ က ပြောသည်။

သာကေတ မိချောင်းမွေးမြူရေးစခန်းသို့ ပြည်တွင်းခရီးသွားများနည်းတူ ပြည်ပခရီးသွားများလည်း ဝင်ရောက်လျက်ရှိပြီး နိုင်ငံခြားခရီးသွားများအနေဖြင့် မိချောင်းများကို အနီးကပ် ကြည့်ရှုရမှုအ‌ပေါ် အားရကျေနပ်ကြလေ့ရှိကြောင်း၊ လာရောက်လေ့လာရာတွင် နိုင်ငံခြားသား တစ်ဦးလျင် ငွေကျပ် ၅၀၀၀၊ နိုင်ငံသားလူကြီးတစ်ဦးလျင် ငွေကျပ် ၁၀၀၀ နှင့် ငါးနှစ်အောက် ကလေးများကို အခမဲ့အဖြစ် ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။ 

 

mdn

 

မိချောင်းမွေးမြူရေးစခန်းတွင် မိချောင်းများ ရှင်သန်နေထိုင်နိုင်ရန် ရေငန်ရရှိမှုနှင့် ဥမှ အကောက်ပေါက်ရန် ပြုစုပျိုးထောင်ရာတွင် လျှပ်စစ်မီးသည် အရေးပါလျက်ရှိပြီး မွေးမြူရေးကန် အမှတ် (၁) တွင် တစ်ပေမှသုံးပေရှည်သော မိချောင်းပေါက်များ၊ ကန်အမှတ် (၂) တွင် လေးပေမှ ခြောက်ပေရှည်သော မိချောင်းများနှင့် ကန်အမှတ် (၃) ၌ ခုနှစ်ပေအထက်မိချောင်းများကို မွေးမြူပြသထားသည်။ မိချောင်းမတစ်ကောင်လျင် ဥအလုံး ၂၀ မှ ၇၀ အထိ ဥချလေ့ရှိပြီး သာကေတ မိချောင်းမွေးမြူရေးစခန်း၌ အရွယ်စုံမိချောင်းကောင်ရေ ၆၂၂ ကောင်ရှိ၍ ၂၀၂၄ ခုနှစ်တွင် သားပေါက်ကိုးကောင် တိုးပွားလာမှုဖြင့် ကောင်ရေ ၆၃၁ ကောင် မွေးမြူထားသည်။

ဓာတ်ပုံ - ဇွဲမာန်
သစ္စာ(MNA)