ရန်ကုန်၊ ဧပြီ ၂၁

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ ကော်မတီဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် သာကေတမြို့နယ်အတွင်း စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ရှေးဦးစွာ မြို့တော်ဝန်နှင့်အဖွဲ့သည် သာကေတမြို့နယ်၊ ၂/မြောက်ရပ်ကွက်၊ သဒ္ဒါရုံ မင်းနန္ဒာ ဝန်ထမ်းအိမ်ရာဝင်းအတွင်း ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ပုစွန် အမျိုးမျိုးတို့ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန် ရောင်းချပေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ အသိပေးချက်များကို လိုက်နာ၍ ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်ကြရန် မှာကြားသည်။

 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် သဒ္ဒါရုံ မင်းနန္ဒာ ဝန်ထမ်းအိမ်ရာဝင်းရှေ့ရှိ အမှတ်(၁) မြစ်ထွက်ပေါက်သို့ စီးဆင်းသော အုတ်စီရေမြောင်း ပြုလုပ်နေမှုနှင့်  အမှတ်(၂၆) အခြေခံပညာ မူလတန်းကျောင်းရှေ့ အုတ်စီရေမြောင်း မြောင်းဖုံးခင်းကျင်းပြီးစီးမှုတို့အား ကြည့်ရှုစစ်ဆေးပြီး ရေမြောင်းနှင့် ကားလမ်းအကြား ယာဉ်ရပ်နားကွင်း ပြုလုပ်နိုင်ရေး မြေညှိရန်နှင့် လမ်းတစ်လျှောက် သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်ရန် မှာကြားသည်။

 

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် ၃/ရန်ပြေရပ်ကွက် မင်းနန္ဒာလမ်းနှင့် ရန်အောင်လမ်းထောင့်ရှိ ရန်အောင်ရေကန်သို့ ရောက်ရှိပြီး ကန်ပေါင်ပတ်လမ်း အရှည် ၃၉၁၁ ပေ၊ အကျယ် ၈ ပေ ကတ္တရာ ခင်းကျင်းနေမှုနှင့် ကန်ရေပြင် ကြည်လင်သန့်ရှင်းရေးအတွက် Aquamarine ယာဉ်ဖြင့် အမှိုက်များ၊ ကြာပင်များ ဆယ်ယူရှင်းလင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ကန်ပေါင်မြေညှိ၍ မြေယာရှုခင်း ဆောင်ရွက်ရန်နှင့် ကန်အတွင်းမှ ဆယ်ယူရရှိသည့် ကြာပင်များအား အခြောက်ခံ၍ EM Bokashi သဘာဝ မြေဩဇာပြုလုပ်ရန် မှာကြားသည်။

 

ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ဒေါပုံမြို့နယ် ယမုံနာရပ်ကွက်၊ ယမုံနာလမ်းနှင့် မင်းနန္ဒာလမ်းထောင့်ရှိ ယာဉ်ယန္တရားစီမံခန့်ခွဲရေးနှင့် ထိန်းသိမ်းရေးဌာန၊ အမှတ်(၁) ယာဉ်စုနှင့် ရေပုပ်စုပ် ယာဉ်စုဝင်းသို့ သွားရောက်၍ ဝင်းအတွင်းရှိ ယာဉ်စု(၁)မှ မော်တော်ယာဉ်များ၊ ရေပုပ်စုပ်ယာဉ်များ ကြံ့ခိုင်ရေးဆောင်ရွက်နေမှုနှင့် ယာဉ်များ စနစ်တကျ ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

သတင်းစဉ်