ဘာမှစားလို့မရအောင် သွားတွေကိုက်နေတာလား။ အရမ်းနာကျင်ရတာမဟုတ်ဘူးဆိုရင်တောင်မြန်မြန်သက်သာချင်ကြမှာပဲ။ အစားစားလည်းနာ၊ ငြိမ်နေလည်းနာကျင်နေရမှာကိုး။ သိပ်ဆိုးလာရင်တော့ ဆရာဝန်ပြရမယ်ဆိုပေမယ့် စစချင်းမှာ သွားကိုက်ဝေဒနာကို သက်သာအောင် ကိုယ့်ဘာသာကြိုးစားကြည့်လို့ ရပါသေးတယ်။ သွားကိုက်နေတဲ့အချိန်မှာဝေဒနာသက်သာလျော့ပါးစေမယ့် နည်းလမ်း (၅) ခုကိုဖော်ပြလိုက်ပါတယ်။

 

(၁) နာနေတဲ့သွားကို သိပ်မသုံးပါနဲ့

 

နာကျင်မှုကို သက်သာအောင် ထိန်းနေရတဲ့အချိန်မှာ ကိုက်နေတဲ့သွားကို သိပ်အားမစိုက်တာ၊ အသုံးမပြုတာကောင်းပါတယ်။ သိပ်ဝါးရတဲ့ အစားအစာတွေကိုရှောင်ပါ။ ဖြစ်နိုင်ရင် အစာပျော့ပျော့စားသင့်တာပါ။

 

(၂) ဆားရည်ငုံပါ၊ ပလုပ်ကျင်းပါ

 

နာကျင်မှုကိုသက်သာစေပြီး ဘက်တီးရီးယားတွေသေစေနိုင်တဲ့နည်းလမ်းက ဆားရည်နဲ့ပလုပ်ကျင်းပါ။ ဝေဒနာလုံးဝပျောက်ကင်းစေနိုင်တဲ့ ကုသနည်းမဟုတ်ပေမယ့် ပိုးတွေသေစေပြီး သွားဖုံးရောင်ရမ်းမှုကိုသက်သာစေနိုင်ပါတယ်။

 

ရေနွေးထဲ ဆား သင့်ရုံထည့်ပြီး ခပ်နွေးနွေးအနေအထားမှာ ပလုပ်ကျင်းပါ။ ဆားရည်ကို မိနစ် ၃၀လောက်ငုံပြီးမှ ပလုပ်ကျင်းပါ။

 

(၃) အကိုက်အခဲပျောက်ဆေးသောက်ပါ

 

သွားကိုက်ဝေဒနာကို လတ်တလောသက်သာစေဖို့က အကိုက်အခဲပျောက်ဆေးတွေက မြန်ဆန်တဲ့ထိရောက်မှုရှိပါတယ်။ ဆရာဝန်က လိုအပ်တဲ့ဆေးဝါးကုသမှုပေးထားချိန်မှာ အနာသက်သာနေမှပျောက်ကင်းမှုပိုမြန်မှာဖြစ်လို့ အကိုက်အခဲပျောက်ဆေးကလိုအပ်ပါတယ်။ တချို့ဆိုရင် သွားကိုက်ဝေဒနာကြောင့်သွေးတိုး တက်လာတာတွေရှိနိုင်တဲ့အတွက်လည်း ပါပါတယ်။

 

(၄)ရေအေးဝတ် ကပ်ပေးပါ

 

ရေခဲတုံးကို ပတ်ထားတဲ့ သို့မဟုတ်ရေအေးဆွတ်ထားတဲ့အဝတ်လေးနဲ့ ကိုက်နေတဲ့သွားဘေးကပါးတစ်ခြမ်းကို ကပ်ပေးပါ။ အအေးဓါတ်က နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်ပါတယ်။ ရေခဲတုံးနဲ့တိုက်ရိုက်မကပ်ပါနဲ့။ ပါးမှာရောင်နေတယ်ဆိုရင် ရောင်တဲ့နေရာမှာ ရေခဲဝတ်နဲ့ဖွဖွပွတ်ပေးပါ။

 

(၅) သွားမှန်မှန်တိုက်ပါ

 

သွားကိုက်နေလို့၊ ရောင်နေလို့၊ အထိမခံနိုင်လို့ ဆိုပြီး သွားမတိုက်ဘဲနေတာမျိုး မလုပ်ပါနဲ့။ ခံတွင်းထဲက ပိုးမွှားတွေကြောင့် သွားကိုက်ဝေဒနာပိုဆိုးစေနိုင်တာကြောင့် နာနေတဲ့သွားကိုရှောင်ပြီး ခပ်ဖွဖွလေး သွားတိုက်ပေးပါ။

 

ဘယ်အချိန်မှာ ဆရာဝန်ပြရမလဲ

 

သွားပိုးစားခြင်း၊ ပိုးဝင်ခြင်းကြောင့် သွားကိုက်တာဆိုရင် တဖြည်းဖြည်းသက်သာနိုင်ပေမယ့် တော်တန်ရုံမသက်သာဘဲ တအားရောင်ရမ်းလာတာ၊ သွားအရမ်းပျက်စီးနေတာဆိုရင် ဆရာဝန်ပြဖို့လိုနေပါပြီ။ ဒီလက္ခဏာတွေဖြစ်လာရင် ချက်ချင်းကုသမှုခံယူပါ –

•           အဖျားတက်ပြီး ချမ်းတုန်လာတာ (ပိုးဝင်တဲ့အခြေအနေပြင်းထန်လာပြီး လက္ခဏာပိုဆိုးလာတာဖြစ်ပါတယ်)

•           ပြည်တည်လာတာ

•           ဆေးသောက်တာတောင် မသက်သာဘဲ မခံမရပ်နိုင်အောင် နာကျင်လာတာ

•           ကိုက်တဲ့သွားက အံဆုံးဖြစ်နေတာ

•           အစာ မျိုချလို့မရတာ ဆိုရင် ကုသမှုခံယူပါ။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

ရေးသားသူ Yun Sandi Nan Mon

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”