ပုံပါကျင် မတ် ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၌ နိုင်ငံသားတစ်ဦး၏ တရားဝင်မှု၊ နိုင်ငံသားအခွင့်အရေးနှင့် လူမှုစီးပွားဘဝ အထောက်အကူဖြစ်စေနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ မတ် ၁၂ ရက်က ပုံပါကျင်မြို့၊ မိုင်းဟန်ကျေးရွာအုပ်စုအတွင်း သွားလာရခက်ခဲသော တောင်ပေါ်ဒေသများဖြစ်ကြသည့် လွယ်ချီလိတ်ရွာ၊ မလုံလားရွာ၊ ယာခါးရွာနှင့် နားဖယောင်းကျေးရွာနေ ပြည်သူများထံသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုံပါကျင်ရှေ့တန်းရုံးတာဝန်ခံ လ.ဝ.ကမှူး ဦးမြင့်မိုးနှင့် ဝန်ထမ်းများက အဆိုပါကျေးရွာနေပြည်သူများအား ပန်းခင်းစီမံချက်အကြောင်း သိကောင်းစရာများကို ဟောပြောခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျေးရွာအတွင်းရှိ  နိုင်ငံသားစိစစ်ရေးကတ်ပြား လာရောက်လျှောက်ထားသည့် ကျေးရွာနေပြည်သူ (၄၂)ဦးကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။

ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားအသစ်ပြုလုပ်ပေးခြင်း၊ ပျက်စီး/ပျောက်ဆုံးသူများကို မိတ္တူပြုလုပ်ပေးခြင်းနှင့် လဲလှယ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ကျန်ရှိနေသည့် ရပ်ကွက်၊ ကျေးရွာများသို့လည်း သွားရောက်၍ ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန္တာ(ပြန်/ဆက်)