တန်ဆောင်မုန်းလသည် မိုးလေကင်းစင်၍ ရာသီဥတု သာယာကြည်လင်ကာ ညဉ့်ကောင်းကင်ယံတွင် နက္ခတ် ကြယ်တာရာတို့ စုံလင်စွာ ထွန်းပအေးမြလျက် စိတ်နှလုံးမွေ့လျော်ဖွယ်ရာ အခါသမယဖြစ်သည်။ မင်းစည်းစိမ်ကို ရယူလိုသော လောဘကြောင့် ဖခင်ကိုသတ်ခဲ့သည့် အပြစ်ကြီး ကို ကျူးလွန်ခဲ့မိပြီး ထိုအပြစ်၏ ခြောက်လှန့်မှုကြောင့် စိတ်နှလုံးပူလောင်မှုနှင့် ထိတ်လန့်ကြောက်ရွံ့မှုတို့ကို ခံစား နေရသော အဇာတသတ်မင်းအား မြတ်စွာဘုရားက သာမည ဖလ(ရဟန်းပြုခြင်း၏အကျိုး) တရားတော်ကို သာယာလှပ သည့် တန်ဆောင်မုန်းလပြည့်ညတွင် ဟောကြားတော်မူခဲ့သည်။
“အရှင်မြတ်ဘုရား - လောကတွင် အတတ်ပညာရှင်တို့သည် မိမိတို့၏ အတတ်ပညာများဖြင့် လက်ငင်းမျက်မှောက် အကျိုးတရားတို့ကို ခံစားရရှိနိုင်ပါသည်။ ရဟန်းပြုသောသူများသည် ရဟန်းပြုခြင်းကြောင့် လက်ငင်းမျက်မှောက်အကျိုးတရားကို ခံစားရရှိနိုင်ပါသလားဘုရား” ဟူသော အဇာတသတ်မင်း၏ မေးခွန်းကို မြတ်စွာဘုရားရှင်က မင်းခစားကျွန်ယောကျ်ားသည်ပင် ဆံမုတ်ဆိတ်တို့ကို ပယ်ကာ ဖန်ရည်ဆိုးသောသင်္ကန်းကို ဝတ်ဆင်၍ ရဟန်းအဖြစ်သို့ ကူးပြောင်းပြီးနောက် ကိုယ်၊ နှုတ်၊ စိတ်တို့ကို ထိန်းသိမ်းပြီး တရားဓမ္မဖြင့် နေထိုင်သည့်အခါ တွင် အရှင်သခင်ဖြစ်သူကပင် လျှင် အရိုအသေ၊ အလေးအမြတ် ပြုရကြောင်း၊ မင်းတိုင်းကြေးအခွန် စသည်တို့မှလည်း ကင်းလွတ်ခွင့်ရကြောင်း၊ ထို့ထက် ပို၍ သာလွန်မြင့်မြတ်သော အကျိုးအဖြစ် သီလ၊ သမာဓိ၊ ပညာတို့နှင့် ပြည့်စုံစေကာ ဈာန်တရားနှင့် မဂ်ဖိုလ်တို့ကို ရရှိနိုင်ကြောင်း အကျယ်တဝင့် ဟောကြားတော်မူခဲ့သည်။
ရဟန်းပြုရခြင်းကြောင့် လက်ငင်းမျက်မှောက်ရရှိနိုင်သော အကျိုးတရားကို မြတ်စွာဘုရားရှင်ထံမှ နာကြားရပြီးနောက် အဇာတသတ်မင်းသည် ဗုဒ္ဓသာသနာတော်ကို သက်ဝင်ယုံကြည်သူတစ်ဦးဖြစ်လာသည်။ ဖခင် ဗိမ္ဗိသာရမင်းကြီးကို သတ်မိသည့် ပဉ္စာနန္တရိယကံထိုက်သော အပြစ်ကြီးကို ဝန်ချတောင်းပန်ပြီး ဘုရား၊ တရား၊ သံဃာရတနာသုံးပါးတို့ကို အကြည်ညိုဆုံးသော ပုဂ္ဂိုလ်တစ်ဦးအဖြစ်ဖြင့် အပြစ်များကို ကုစားခဲ့သည်။ ပထမသံဃာယနာတင် ဒါယကာအဖြစ် ခံယူခဲ့ခြင်း၊ မြတ်စွာဘုရား၏ ဓာတ်တော်များကို စုဆောင်းကာ ဓာတ်တော်တိုက်ကြီး တည်ခဲ့ခြင်းနှင့် ဗုဒ္ဓသာသနာတော်နှစ် သတ်မှတ်ခြင်းဟူသော သာသနာပြုလုပ်ငန်းကြီး သုံးရပ်ကို ပြုလုပ်သွားခဲ့သည်။
သာမညဖလသုတ်သည် ဒီဃနိကာယ် သီလက္ခန္ဓဝဂ္ဂပါဠိတော်၌လာရှိပြီး ဗုဒ္ဓဘုရားရှင်နှင့် ခေတ်ပြိုင်တည်ရှိခဲ့သော တိတ္ထိဂိုဏ်းကြီး ခြောက်ဂိုဏ်း၏ အတွေးအခေါ်များကိုလည်းကောင်း၊ ရဟန်းသံဃာများ၏ အကျင့်သီလများကိုလည်းကောင်း လေ့လာနိုင်သည်။ ဒေဝဒတ်ကဲ့သို့သော ပုဂ္ဂိုလ်ကို ဆရာတင်မှားခဲ့မိ၍ အတွေးအခေါ်၊ အကျင့်အကြံတို့ မှားယွင်းကာ တိုင်းပြည်ကို မင်းကျင့်တရားနှင့်အညီ အုပ်ချုပ်ခဲ့ပြီး မိမိအပေါ်တွင်လည်း အတိုင်းမသိ ချစ်မြတ်နိုးခဲ့သည့် ဖခမည်းတော်ဘုရင်ကြီးကို သတ်ဖြတ်ခဲ့သည်အထိ မှားယွင်းခဲ့သည့် အဇာတသတ်မင်း၏ နောင်တပူပန်မှုနှင့် အပြစ်ကို ဝန်ချတောင်းပန်မှုတို့မှာလည်း သံဝေဂရဖွယ်၊ သင်ခန်းစာ ယူဖွယ်တို့ပင်ဖြစ်သည်။ အမှားကို အမှားမှန်းသိချိန်တွင် အမှန်သို့ပြောင်းကာ အပြစ်တို့ကို ကုစားခြင်းအားဖြင့် လမ်းမှန်ပေါ်သို့ ပြန်လည်ရောက်ရှိလာနိုင်ကြောင်းနှင့် သံသရာတွင်လည်း အကောင်းဘက်သို့ ပြန်လည်ရောက်ရှိနိုင်ကြောင်းကို သာမည ဖလသုတ်က ပြဆိုထားသည်မှာလည်း ပုထုဇဉ်လူသား အားလုံးအတွက် သတိပြုဖွယ်ပင် ဖြစ်ပါကြောင်း။
မြန်မာ့အလင်း