နေပြည်တော် ဇန်နဝါရီ ၉
မွေးမြူရေးပညာရပ်ဆိုင်ရာ ပြည်ပသင်တန်းအတွေ့အကြုံများ ဆွေးနွေးဖလှယ်ခြင်းကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ဂျပန်နိုင်ငံ၌ကျင်းပခဲ့သည့် “(၁၁)ကြိမ်မြောက် တစ်ခုတည်းသော ကျန်းမာရေးဆိုင်ရာ နွေရာသီဆွေးနွေးပွဲ”၊ ကိုရီးယားသမ္မတနိုင်ငံတွင် ကျင်းပခဲ့သည့် “ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့၏ ရေနေသတ္တဝါများ ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ၊ မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် “အာဆီယံ ဒေသတွင်း ကူးစက်ရောဂါဖြစ်ပွားမှု စူးစမ်းလေ့လာခြင်းနှင့် အရေးပေါ်တုံ့ပြန်မှု သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ”များ၌ သက်ဆိုင်ရာဒေသအလိုက် ကိုယ်စားလှယ်များ၏ ဆွေးနွေးခဲ့မှုများနှင့်ပတ်သက်၍ ဆွေးနွေးပွဲ တက်ရောက်ခဲ့ကြသည့် ကိုယ်စားလှယ်အဖွဲ့ဝင် များက ရှင်းလင်းတင်ပြကြသည်။
အလားတူ စင်္ကာပူနိုင်ငံတွင်ကျင်းပခဲ့သည့် “ရေထွက်ကုန် ပစ္စည်းထုတ်ကုန်များဆိုင်ရာ ယှဉ်ပြိုင်နိုင်စွမ်းနှင့် အစားအစာဘေးအန္တရာယ် ကင်းရှင်းမှုမြှင့်တင်ခြင်းဆိုင်ရာ အစည်းအဝေး” တွင်ဆွေးနွေး ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ တက်ရောက်ခဲ့သည့် ကိုယ်စားလှယ်အဖွဲ့က ရှင်းလင်းတင်ပြသည်။
ထို့နောက် ထိုင်းနိုင်ငံတွင်ဖွင့်လှစ်ပို့ချခဲ့သည့် “ငါးလုပ်ငန်းကဏ္ဍအတွက် ဇီဝတွက်ချက်မှုဆိုင်ရာ စာရင်းအင်း အချက်အလက်များ ကောက်ယူခြင်း ဒေသတွင်းသင်တန်းနှင့် R-Statistical Program ကို အသုံးပြု၍ ငါးမျိုးစိတ်အရေအတွက် ဆန်းစစ်အကဲဖြတ်ခြင်းဆိုင်ရာ ခန့်မှန်းတွက်ချက်ခြင်း ဒေသတွင်းသင်တန်း” တွင်တက်ရောက်လေ့လာခဲ့မှုနှင့် အင်ဒိုနီးရှားနိုင်ငံတွင် ဖွင့်လှစ်ပို့ချခဲ့သည့် “တိရစ္ဆာန်များတွင် ဖြစ်ပွားသော ဘရူဆဲလ်လား ရောဂါစစ်ဆေးခြင်းနှင့် သွင်ပြင်လက္ခဏာများ စစ်ဆေးခြင်းဆိုင်ရာ သင်တန်း” တက်ရောက် လေ့လာခဲ့မှု အတွေ့အကြုံများကို သက်ဆိုင်ရာ သင်တန်းသားများက ရှင်းလင်းတင်ပြကြသည်။
ယင်းနောက်ဒုတိယဝန်ကြီးက သားငါးကဏ္ဍဖွံ့ဖြိုးရေးအတွက် ဒေသတွင်းနိုင်ငံများနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်လျက်ရှိရာ သဘာဝသယံဇာတ အရင်းအမြစ်များကို ထိခိုက်မှုမရှိစေဘဲ ထုတ်လုပ်မှုပမာဏနှင့် ထုတ်ကုန်အရည်အသွေး တိုးတက်ရေးအတွက် လုပ်ငန်းစဉ်ကွင်းဆက် တစ်လျှောက်တွင် ခေတ်မီနည်းပညာများ အကျိုးရှိစွာ အသုံးချနိုင်ရေးကို ပညာရှင်များအပိုင်းက ဆက်လက်ကြိုးပမ်းအား ထုတ်သွားကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)