နေပြည်တော် အောက်တိုဘာ ၃၀
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်ဖြင့် သွားနှင့်ခံတွင်း ဆရာဝန်များ၊ သူနာပြုများ၊ သွားကျန်းမာရေး သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာရှင် လုပ်အားပေးများပါဝင်သော ဆေးကုသရေးအဖွဲ့သည် ယနေ့တွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဥတ္တရသီရီမြို့နယ်အတွင်းရှိ ပါမောက္ခချုပ် ဆရာတော် ဒေါက်တာနန္ဒမာလာ ဘိဝံသ ဆရာတော်ကြီး၏ နေပြည်တော် ကျောင်းခွဲ ဖြစ်သော ဝဇိရာ နန္ဒသုဗောဓါရုံ ဘုန်းတော်ကြီးကျောင်းရှိ ရဟန်းသံဃာတော်များနှင့် အနီးဝန်းကျင်မှ ပြည်သူများ၊ စုစုပေါင်းလူနာ (၁၆၅) ဦးကို အခမဲ့ကွင်းဆင်းဆေး ကုသခဲ့သည်။
အဆိုပါ သွားနှင့်ခံတွင်း ကွင်းဆင်းဆေးကုသရေး အဖွဲ့သည် ကျောင်းရှိရဟန်း သာမဏေများအား ကျန်းမာရေး အသိပညာပေးခြင်း၊ စနစ်မှန် သွားတိုက်နည်းစနစ်ကို လက်တွေ့သရုပ်ပြသပြီး အတူတကွ သွားတိုက်ခြင်း၊ သွားနှင့်ခံတွင်းရောဂါများကို စစ်ဆေးခြင်းနှင့် လိုအပ်သော ကုသမှုများကိုလည်း ဆောင်ရွက်ပေးကြသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆေးရုံ အခြေပြု ကုသပေးနေခြင်းသာမက ပြည်သူများအနေဖြင့် ကျန်းမာရေး ဆေးကုသမှုအတွက် စရိတ်သက်သာ ထိရောက်ပြီး အများလက်လှမ်းမှီသော ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းအဖြစ် ယခုကဲ့သို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
သွားနှင့် ခံတွင်းအခမဲ့ ကွင်းဆင်းဆေးကုသခြင်းလုပ်ငန်းများကို ကုသရေးဦးစီးဌာန၏ ဦးစီး ထောက်ပံ့ပေးမှု ဖြင့်လစဉ်လတိုင်းနယ်လှည့်ကွင်း ဆင်းဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်