၁၂ ဇန်နဝါရီ

 

သွားနှုတ်တယ်ဆိုတာ လူတော်တော်များများလုပ်ကြတဲ့ သွားကျန်းမာရေးကိစ္စတစ်ခု ဆိုပေမယ့် ခွဲစိတ်မှုတစ်မျိုးပါပဲ။ သွားနှုတ်ပြီး ၂၄ နာရီအတွင်း တံထွေးမထွေးဖို့၊ ပလုတ်မကျင်းဖို့စတဲ့ ကြိုတင်သတိပေးချက် တချို့ကိုလိုက်နာမယ် ဆိုရင်တော့ သွားနှုတ်ပြီးနောက်ပိုင်း ဆေးခန်းပြန်ပြေးဖို့ ဗျာများမနေရတော့ဘူးပေါ့။

 

ဒီအချက်လေးတွေက လွယ်ကူပေမယ့် နေရခက်တာတွေ သက်သာစေပြီး၊ အနာမြန်မြန် ကျက်စေမယ်၊ သွားနှုတ်ပြီး နောက်ပိုင်း ရောဂါပိုးမဝင်အောင် ကာကွယ်ပေးနိုင်မယ်လေ။

 

၁။ ဂွမ်းစလေးကို ကိုက်ထားပါ သွားနှုတ်ပြီးတဲ့အခါ အနာပေါ်မှာ ဂွမ်းစကို ဖိကိုက်ထားပါ။ အနာက သွေးတိတ်စေဖို့ ဖြစ်ပါတယ်။ ဂွမ်းမှာသွေးတွေများနေရင် နောက်တစ်ခုလဲ ပေးနိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ သွားနှုတ်ပြီး ၂၄ နာရီအတွင်းမှာ သွေးတိတ်လေ့ရှိပါတယ်။ ဒီထက်ကျော်ပြီး သွေးထွက်နေရင် ဆရာဝန်ပြန်ပြပါ။

 

၂။ ပထမဆုံးနှစ်ရက်မှာ ရေခဲကပ်ပေးပါ

 

အရောင်ကျစေဖို့အတွက် ပါးအပြင်ကနေ ရေခဲအိတ် သို့မဟုတ် ရေအေးဝတ်နဲ့ ကပ်ပေးပါ။ သွားနှုတ်ပြီး ပထမဆုံး ၂၄ နာရီအတွင်း ၁၅ မိနစ်-မိနစ် ၂၀ လောက်ကြာအောင် ကပ်ပေးရမှာဖြစ်ပါတယ်။ သည်ကာလကျော်လွန် သွားရင်တော့ ရေခဲအိတ်ထက် အနွေးဓာတ် ပေးတာက အရောင်ပိုကျစေနိုင်ပါလိမ့်မယ်။ နောက် ၂ ရက် ၃ ရက်ကြာရင် ရေနွေး စွတ်ထားတဲ့ ပုဝါတစ်ထည်ကိုရေညှစ်ပြီး ပါးမှာ ခပ်ဖွဖွကပ်ပေးနိုင်ပါတယ်။

 

၃။ အိပ်တဲ့အခါ ဦးခေါင်းကိုမြှင့်ထားပါ

 

ကြမ်းပေါ်မှာတပြေးတည်း အိပ်တာက သွေးထွက်ခြင်းကို တာရှည်စေပါတယ်။ ဒါ့ကြောင့် အိပ်တဲ့အခါ ခေါင်းအုံးတစ်လုံး ထပ်ဆင့်ပြီး ဦးခေါင်းကို မြှင့်ထားပေးပါ။

 

၄။ ၂၄ နာရီနောက်ပိုင်း ဆားရည်နဲ့ ပလုတ်ကျင်းပါ။

 

သွားနှုတ်ပြီး ၂၄ နာရီကျော်ရင် ပိုးသတ်ဆေးနဲ့ ဖြည်းဖြည်းချင်း ပလုတ်ကျင်းပါ။ ပလုတ်ကျင်းတာ ကြမ်းရင် သွားပေါက်ထဲမှာ အနာကျက်စေတော့မယ့် သွေးခဲတွေကို ပြန်ပွင့်သွားစေနိုင်တာကြောင့် အသာအယာလုပ်ပါ။ ဆားရည်နဲ့ ပလုတ်ကျင်းရင် နာကျင်မှုနဲ့ ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ ရေနွေးနွေး ၂၅၀ မီလီဂရမ်မှာ ဆားတစ်ဇွန်းထည့်ပြီး တစ်နေ့ကို သုံးကြိမ်လောက်ပလုတ်ကျင်းပါ။

 

၅။ အစာပျော့ပျော့စားပါ

 

သွားနှုတ်ပြီးရက်ပိုင်းအတွင်း အစာပျော့ပျော့ သို့မဟုတ် အရည်ပဲစားတာ ပိုကောင်းပါတယ်။ ပူတင်း၊ ဒိန်ချဉ်၊ စွပ်ပြုတ်ကျဲကျဲတို့ စားပေးတာ အာဟာရပြည့်နိုင်ပါတယ်။ အနာကျက်စေမယ့် သွေးခဲလေးတွေ ထွက်သွားစေ နိုင်တာကြောင့် အပူမသောက်ပါနဲ့။

 

၆။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာပါ

 

ပဋိဇီဝဆေးဝါးတွေ သောက်ဖို့ဆရာဝန်က ညွှန်ကြားထားရင် ဆေးပတ်လည်အောင် သောက်ပါ။ နာကျင်မှုနဲ့ ရောင်ရမ်းမှုသက်သာစေဖို့ အကိုက်အခဲပျောက်ဆေး ပေးထားမှာ ဖြစ်ပေမယ့် သွေးထွက်များလာရင်၊ အရမ်းနာကျင် ကိုက်ခဲလာရင်၊ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ဖြစ်လာရင် ဆရာဝန်နဲ့ပြပါ။

 

၇။ ပလုတ်ကျင်းတာ၊ တံထွေးထွေးတာ မကြမ်းပါနဲ့

 

သွားနှုတ်ထားတဲ့ နောက်ပိုင်းမှာ သွားအခေါင်းပေါက်ထဲ သွေးစတင်ခဲလာပါတယ်။ ဒါမှ အနာကျက်စေမှာပါ။ ဒါ့ကြောင့် သွားနှုတ်ပြီး ၂၄ နာရီအတွင်း တံထွေးထွေးတာ၊ ပလုတ်ကျင်းတာ မလုပ်ဖို့ အရေးကြီးပါတယ်။

 

၈။ ပိုက်နဲ့မသောက်ပါနဲ့

 

အအေးဖြစ်ဖြစ် ရေဖြစ်ဖြစ် ပိုက်နဲ့စုပ်သောက်တဲ့အခါ သွေးခဲဖြစ်ပေါ်မှုပျက်ယွင်းစေပြီး အနာကျက်ဖို့ အနှောင့်အယှက် ဖြစ်စေနိုင်တာကြောင့် ရက်ပိုင်းလောက်အတွင်း ပိုက်နဲ့မသောက်ပါနဲ့။

 

၉။ အားစိုက်ရတဲ့အလုပ်တွေသိပ်မလုပ်ပါနဲ့

 

အားစိုက်လှုပ်ရှားရတဲ့အလုပ်တွေက သွေးထွက်များစေပါတယ်။ ရက်ပိုင်းလောက် လှုပ်လှုပ်ရှားရှား မလုပ်ပါနဲ့ အနာကျက်စေဖို့ သက်တောင့်သက်သာနားနေပါ။

 

၁၀။ အရက်နဲ့ ဆေးလိပ်မသောက်ပါနဲ့

 

စုပ်ယူ၊ ရှိုက်ယူရတဲ့လှုပ်ရှားမှုက သွေးခဲပျက်ယွင်းစေပြီး အနာကျက်နှေးစေတာကြောင့် ဆေးလိပ် မသောက်ပါနဲ့။ ဆေးလိပ်သောက်ရင် အဲဒီနေရာကို သွေးရောက်ရှိမှု လျော့နည်းစေတာကြောင့် အနာကျက်နှေးစေပါတယ်။ နောက်တစ်ချက်က ဆေးလိပ်သောက်ခြင်းဟာ အနာပေါ် ပိုးမွှားတွေ ဝင်ရောက်စေနိုင်ပါတယ်။ အနာကျက်တဲ့အထိ အရက်နဲ့ဆေးလိပ်ကို ရှောင်သင့်ပါတယ်။

 

ရေးသားသူ Yun Sandi Nan Monဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်