သာပေါင်း နိုဝင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်းကျင်းပသော သာပေါင်းမြို့နယ် ကလေးစာပေပွဲတော်၊ စာအုပ် စာပေပြပွဲနှင့် စာအုပ် ဈေးရောင်းပွဲတော် ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၉ ရက်၊နံနက် ၉ နာရီက သာပေါင်း (အ.ထ.က)ကျောင်း မုခ်ဦးရှေ့၌ ကျင်းပရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၁) ဒေါ်ခင်မိုးဝါ၊တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၂) ဦးအောင်အောင်ဦး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် မြို့နယ်ပညာရေးမှူး ဒေါ်ကြူကြူလှိုင် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
အခမ်းအနား ဒုတိယပိုင်း အစီအစဉ်ကို သော်ကခန်းမတွင် ဆက်လက်ကျင်းပရာ သာပေါင်း(အ.ထ.က)မှ ကျောင်းသား၊ ကျောင်းသူလေးများက ကလေးစာပေပွဲတော် (Theme Song) သီချင်း သီဆိုဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက " ယခု ကလေးစာပေပွဲတော် သည် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် ကျင်းပသည့် (၇)ကြိမ်မြောက် ကလေးစာပေပွဲတော်ဖြစ်ကြောင်း၊ ကလေးငယ်များ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ပြီး ရာသက်ပန် ပညာရှာမှီးသူများ ဖြစ်လာစေရန်၊ ပွဲတော်မှာ ဆောင်ရွက်ရမည့် အလုပ်များတွင် ဝိုင်းဝန်းပါဝင်တတ်သည့် အလေ့အထ ကောင်းများရရှိစေရန်၊ ပညာဗဟုသုတရော လူရည်လူသွေးပါပြည့်ဝပြီး အနာဂတ်မှာ တိုင်းပြည်ကို ဦးဆောင်ဦးရွက် ပြုလာသူများဖြစ်လာစေရန် စတဲ့ရည်ရွယ်ချက်တွေနဲ့ ကလေးစာပေပွဲတော်ကို ကျင်းပပေးခြင်း ဖြစ်ကြောင်း၊ သာပေါင်းမြို့နယ် အတွင်းမှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ဖို့အတွက် တတ်နိုင်တဲ့ ကဏ္ဍ အသီးသီးက ဆက်လက်အားပေး ကူညီကြဖို့လည်း ဖိတ်ခေါ်စေလိုကြောင်း၊ တိုင်းရင်းသား ပြည်သူများ၏ အခြေခံ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ကြိုးပမ်းရာတွင် လူငယ်များကို ဘက်စုံဖွံဖြိုးတိုးတက်ဖို့ လိုအပ်ကြောင်း၊ ထိုသို့စီစဉ်ဆောင်ရွက်ပေးခြင်းသည် ဧရာဝတီတိုင်း ဒေသကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တတ်စွမ်းသ၍ တည်ဆောက် အကောင်အထည်ဖော်ပေးခြင်းပဲဖြစ်ပါကြောင်း၊ ယနေ့ခေတ်လို နည်းပညာမျိုးစုံ ဖွံ့ဖြိုးတိုးတက်နေသည့် အချိန်ကာလမျိုးတွင် မိမိတို့၏ ကလေးငယ်များ၏ အတွေးအခေါ် အယူအဆများ၊ ပြုမူပြောဆိုမှုများ၊ မိမိတို့နိုင်ငံရှိ တိုင်းရင်းသား လူမျိုးအသီးသီးရဲ့ အဖိုးမဖြတ်နိုင်တဲ့ ယဉ်ကျေးမှုစရိုက်၊ ယဉ်ကျေးမှု ဓလေ့အမွေအနှစ်တွေကနေ ယိမ်းယိုင် ပျက်ယွင်းစေမဲ့ နည်းလမ်းတွေကို ကလေးများ အတုမယူမိစေဖို့နဲ့ ကလေးငယ်များ စာကြည့်တိုက် ဝန်းကျင်မှာ မွေ့လျော်လာအောင် စည်းရုံးဆောင်ရွက်သွားကြဖို့ လိုအပ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ အနာဂတ် ခေါင်းဆောင်များ ဖြစ်လာကြမဲ့ ကလေးများရဲ့ ပျော်ရွှင်မှုကို စာပေဝန်းကျင်နဲ့ ဖန်တီးပေးဖို့ အဖွဲ့အစည်းအသီးသီးက ပူးပေါင်းပါဝင်ပေးကြရန်လိုကြောင်း" ဖြင့် အဖွင့်အမှာစကား ပြောကြားသည်။
အဆိုပါ ကလေးစာပေပွဲတော်(သာပေါင်း)ကို နိုဝင်ဘာ ၂၉ ရက်မှ ၃၀ ရက်နေ့အထိ စည်ကားသိုက်မြိုက် စွာ ကျင်းပသွားမည်ဖြစ်ပြီး ပွဲတော်တွင် ပုံပြော၊ ကဗျာရွတ်၊ ကျပန်းစကားပြော၊ စာပေဟောပြောပွဲ၊ စာပေ ဆွေးနွေးပွဲ၊ စက္ကူခေါက်၊ ပန်းချီ၊ ဆေးရောင်ခြယ်၊ စကားပုံဆက်၊ အရုပ်ဆက်၊ အိမ်ဆောက် ကစားနည်းများ၊ ဂိမ်းကစားနည်းများ၊ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများပြခန်း၊ ကလေးစာဖတ်ခန်း နှင့် စာအုပ်အရောင်းဆိုင်များအပြင် မီးသတ်၊ကြက်ခြေနီ၊ ဘေးစီမံပြခန်းများ၊World Visionနှင့် ကရုဏာ လူမှုစည်းလုံးညီညွတ်ရေးအသင်း(ပုသိမ်)ပြခန်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးပြခန်း၊ ပညာရေးပြခန်း၊ မူးယစ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးပြခန်းများကိုပါ ဝေဝေဆာဆာဖြင့် ထည့်သွင်းပြသခဲ့ကြောင်း သိရသည်။
သတင်း - ခရိုင် (ပြန်/ဆက်)
ဓာတ်ပုံ - နေဝင်းမြင့်၊ နန်းထိုက် ၊ မျိုးဇော်စိုး