သာပေါင်း ဇူလိုင် ၉
ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်၌ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများပူးပေါင်း၍ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပြည်သူ့စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁) ရပ်ကွက် ကညင်ချောင်းဓမ္မဗိမာန်ကျောင်းတိုက် ဓမ္မဝိဇယဓမ္မာရုံတွင် ကျင်းပသည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုဇင်က လွှတ်တော်နှင့် ပတ်သက်သည့် ကိစ္စရပ်များအား ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်က လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြော ကြားသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းက ပြည်သူ့စကားဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ငါးလုပ်ငန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများက မိမိတို့၏ ဌာနလုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားကြကာ တက်ရောက်လာကြသော ပြည်သူများက သိလိုသည်များကို မေးမြန်းခဲ့ကြပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။
သာပေါင်း (ပြန်/ဆက်)


