သာပေါင်း ၈ စက်တင်ဘာ
သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ကြက်ခြေနီတပ်ဖွဲ့ဝင်များအတွက် ဖွင့်လှစ်သော အခြေခံရှာဖွေရေးနှင့် ကယ်ဆယ်ရေးသင်တန်းကို စက်တင်ဘာ ၇ ရက် နံနက် ၈ နာရီမှစတင်ကာ သာပေါင်းမြို့၊ မီးသတ်ဦးစီးဌာနရုံးဝန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းကာလအတွင်း သာပေါင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် အမျိုးသား၊ အမျိုးသမီး (၃၀)ဦး တက်ရောက်ခဲ့ကြပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်သူလွင်နှင့် ဒုတိယမီးသတ်ဦးစီးမှူး ဦးညီညီနိုင်တို့ဦးဆောင်သော ရှာဖွေကယ်ဆယ်ရေး နည်းပြဆရာများက စာတွေ့၊ လက်တွေ့လေ့ကျင့် သင်ကြားပေးကြသည်။ အခြေခံရှာဖွေကယ်ဆယ်ရေး ပညာရပ်များဖြစ်သော လက်တွေ့ကြိုးချည်နည်း၊ ကြိုးချည်နည်းဖြင့် လူနာကယ်ဆယ်နည်း၊ ရှာဖွေကယ်ဆယ်နှင့် မီးသတ်ပညာ၊ မီးလောင်ခန်းအတွင်း သွားလာနည်း၊ အချက်ပြနည်း၊ လူနာသယ်ဆောင်နည်း၊ ရေစိုလေ့ကျင့်ခန်းများကို လေ့ကျင့်သင်ကြားပေးပြီး မြန်မာနိုင်ငံ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ အခြေခံစည်းမျဉ်းနှင့် ဝတ်စုံစည်းမျဉ်းတို့ကိုလည်း ကောက်နှုတ်သင်ကြား ပို့ချပေးခဲ့သည်။
အခြေခံရှာဖွေရေးနှင့် ကယ်ဆယ်ရေးသင်တန်းကို အရေးပေါ်အခြေအနေများ ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းကာ ကူညီဆောင်ရွက်နိုင်စေရေး၊ အထောက်အကူပြုနိုင်စေရေးနှင့် စွမ်းရည်ပြည့်ဝသော ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ ဖြစ်လာစေရေးတို့အတွက် ရည်ရွယ်ပြီး သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲတွင် ဆောင်ရွက်လျက်ရှိသော ARB စီမံချက်၏ ပံ့ပိုးမှုဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ သင်တန်းကာလမှာ စက်တင်ဘာ ၇ ရက်နေ့မှ ၈ ရက်အထိ (၂)ရက်တာ ရက်တိုသင်တန်း ဖွင့်လှစ်ပို့ချပေးကြောင်း သိရှိရသည်။
မျိုးဇော်သိန်း သာပေါင်း(ပြန်/ဆက်)


