သာပေါင်း ဒီဇင်ဘာ ၁၁

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီအဖွဲ့က ပြည်သူများ ကြွပ်ကြွပ်အိတ်၊ တစ်ခါသုံး ပလတ်စတစ်အိတ်များ လျော့နည်းသုံးစွဲစေရေးအတွက် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ်ဖြင့် စျေးမရောင်းချရနေ့အဖြစ် သတ်မှတ်ချက်အား လိုက်နာမှုရှိစေရေး အသိပညာပေးခြင်း၊ စီစစ်ကြပ်မတ် စစ်ဆေးခြင်းများကို ဒီဇင်ဘာလ ၁၁ ရက် နံနက်ပိုင်းမှစ၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် သီရိရွှေသာဈေးအတွင်းတွင် ဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ကြွပ်ကြွပ်အိတ်၊ ပလတ်စတစ်အိတ်များ မသုံးစွဲရေး အသိပညာပေးလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကျော်နှင့် ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် သီရိရွှေသာဈေးရှိ စျေးရောင်းချသူများအနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ကြွပ်ကြွပ်အိတ်၊ ပလတ်စတစ်အိတ်အစား အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူ စသည့်သင့်တော်ရာများဖြင့် အစားထိုး ထုတ်ပိုးသုံးစွဲစေရေးအတွက် အသိပေးဆိုင်းဘုတ်များ စိုက်ထူခြင်း၊ လက်ကိုင်စပီကာများနှင့် ပြည်သူများ ပါဝင်ဆောင်ရွက်ပေးနိုင်ရေး အသိပညာပေး နှိုးဆော်ခြင်း၊ လိုက်လံစီစစ်ကြပ်မတ်၍ ကြွပ်ကြွပ်အိတ်၊ ပလတ်စတစ်အိတ် အသုံးပြုသူတွေ့ရှိပါက ဒဏ်ကြေးငွေ ပေးဆောင်စေခြင်း စသည်ဖြင့် အရေးယူဆောင်ရွက်လျက်ရှိရာ ပြည်သူများ ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)

 

mdn