သာပေါင်းနှင့် မုဒုံမြို့နယ်တို့တွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော် ၁ မတ်

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (CMRS) ၏ သတင်းပေးပို့ချက်အရ ဖေဖော်ဝါရီ ၂၆ ရက်တွင် သာပေါင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော ဝန်ထမ်းများအဖွဲ့နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် သာပေါင်းမြို့နယ်၊ စိုင်ကြီးကွင်း၊ ငဝန်မြစ်ကမ်းဘေးမှ တရားမဝင် တောင်သရက်ခွဲသား (၆၃)ချောင်း၊ ၂၀ ဒသမ ၅၇၀၈ တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အလားတူ မွန်ပြည်နယ်၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ နယ်မြေခံတပ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မှုခင်းရဲတပ်ဖွဲ့တို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် မုဒုံမြို့နယ်၊ အဘစ်ဘိနယ် ကမာဝက်ချောင်းနှင့် ကော့ပနောင်ချောင်းတို့ကို သွားရောက်စစ်ဆေးရာ ချောင်းနံဘေးလယ်ကွင်းတို့၌ တရားမဝင်ပိတောက်ခွဲသား ၇၆ ဒသမ ၁၄၅၀ တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး၊  တရားမဝင် သစ်ခိုးထုတ်သယ်ဆောင်မှု မရှိစေရေးနှင့် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

မောင်လူမော်

 

mdn