နေပြည်တော် ၂၃ ဇန်နဝါရီ
သားဖွားသင်တန်းကျောင်း နေပြည်တော်၏ ဒုတိယအကြိမ် သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက သားဖွားဆရာမများ အနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ကြရာတွင် ကျင့်ဝတ်များကို လိုက်နာကျင့်သုံးရမည်ဖြစ်ပြီး သူနာပြုသစ္စာအဓိဋ္ဌာန်တွင် ပါဝင်သော လူသားများ၏ ကိုယ်စိတ်နှစ်ပါး ကျန်းမာရေးကို မိမိကိုယ်ပိုင်အရေးကဲ့သို့ မှတ်ယူရန်နှင့် သားဖွားဆရာမအချင်းချင်း ထာဝစဉ်စည်းလုံးညီညွတ်မှုကို အမြဲတစေ ဆောင်ရွက်ရန် စသည့်အချက်များနှင့်အညီ ပြုမူကြရမည်ဖြစ်ကြောင်း။
လက်တွေ့မြေပြင် ရှေ့တန်းနေရာမှ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော သားဖွားဆရာမများ၏ အခန်းကဏ္ဍသည် အခြားကျန်းမာရေးဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် တန်းတူညီမျှ အရေးကြီးပါကြောင်း၊ ၂၀၁၈-၂၀၁၉ စာသင်နှစ်တွင် သူနာပြုဒီပလိုမာ (၃)နှစ်သင်တန်း တက်ရောက်နေသူ ၈၀၄၃ ဦးနှင့် ဘက်စုံသားဖွားဒီပလိုမာ (၂)နှစ်သင်တန်း တက်ရောက်နေသူ ၁၇၀၃ ဦး ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် သူနာပြုနှင့် သားဖွားဆရာမများ၏ အခန်းကဏ္ဍနှင့် အရည်အသွေး ပိုမိုတိုးတက်မြင့်မားရေးကို ဦးစားပေးလုပ်ငန်းတာဝန် တစ်ရပ်အဖြစ် လုပ်ဆောင်လျက်ရှိပါကြောင်း။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ပူးပေါင်း၍ သူနာပြုနှင့် သားဖွားသင်တန်းများ၏ သင်ရိုးညွှန်းတမ်းများ၊ သင်ကြားသင်ယူမှု နည်းစနစ်များ ပိုမိုကောင်းမွန်ရေး ပြင်ဆင်ခြင်းနှင့် သင်ကြားမှုအထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ သားဖွားဆရာမများအနေဖြင့် သူနာပြုသိပ္ပံသင်တန်းများကို တက်ရောက်နိုင်သည့် အခွင့်အလမ်းများရှိပြီး လာမည့်နှစ်တွင် သားဖွားသိပ္ပံဘွဲ့ပေးအပ်မည့် သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးနိုင်ရန်အတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သူနာပြုသိပ္ပံဘွဲ့များ ရရှိပြီးနောက် မဟာဘွဲ့နှင့် ပါရဂူဘွဲ့များရရှိသည်အထိ သင်ယူနိုင်ပါကြောင်း၊ သားဖွားသိပ္ပံဘွဲ့ရရှိပြီးနောက် ပြည်သူ့ကျန်းမာရေး မဟာဘွဲ့သင်တန်း တက်ရောက်ရန်အတွက် အခွင့်အလမ်းများလည်း ရှိပါကြောင်း၊ သားဖွားဆရာမများအနေဖြင့် ဤကဲ့သို့ မဟာဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်းများ တက်ရောက်နိုင်ရန် လိုအပ်သည့် အင်္ဂလိပ်ဘာသာကို ပိုမိုကျွမ်းကျင်တတ်မြောက်ရန် ဆက်လက်ကြိုးပမ်း ကြရမည်ဖြစ်ပါကြောင်း၊
သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများ အနေဖြင့် ယခုလက်ရှိ စနစ်ကျကောင်းမွန်သည့် စီမံအုပ်ချုပ်မှုနှင့် စည်းကမ်းများကို ဆက်လက်ထိန်းသိမ်းပြီး စာတွေ့နှင့်လက်တွေ့ သင်ကြားသင်ယူမှု လုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်ရေး ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ သားဖွားဆရာမများသည် မြန်မာနိုင်ငံ၏ မိခင်သေဆုံးမှု၊ ကလေးသေဆုံးမှုအပါအဝင် ကျန်းမာရေးအညွှန်းကိန်းများ ကောင်းမွန်ရေးနှင့် ပြည်သူ့ကျန်းမာရေး လုပ်ငန်းများ အောင်မြင်ရေးတို့အတွက် လုပ်ဆောင်နေသူများ ဖြစ်သဖြင့် လွန်စွာအရေးကြီးပါကြောင်း ပြောကြားသည်။
ထို့နောက် သားဖွားသင်တန်းကျောင်း နေပြည်တော်မှ ကျောင်းအုပ်ဆရာမကြီးက သင်တန်းကျောင်း၏ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး သားဖွားဒီပလိုမာ အောင်လက်မှတ်ရရှိသူ ၄၅ ဦးအား အောင်လက်မှတ်များ ပေးအပ်သည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် တာဝန်ရှိသူများ၊ နည်းပြများ၊ သားဖွားဒီပလိုမာ လက်မှတ်ရရှိသူများ၏ မိဘများ တက်ရောက်ကြသည်။
(သတင်းစဉ်)