အမ်မန် ဒီဇင်ဘာ ၂၀
ဂျော်ဒန်နိုင်ငံဝန်ကြီးချုပ် ဘီရှာခါဆောနက်၏သားတစ်ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရခြင်းကြောင့် ဂျော်ဒန်နိုင်ငံ ဝန်ကြီးချုပ်သည် နေအိမ်တွင် သီးသန့်ခွဲထားစောင့်ကြည့်မှုခံယူရမည်ဖြစ်ကြောင်း ဂျော်ဒန်ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၈ ရက်တွင် ကြေညာခဲ့ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ ပီထရာက သတင်းထုတ်ပြန်သည်။ ။
သီးသန့်ခွဲထားစောင့်ကြည့်
ဂျော်ဒန်နိုင်ငံဝန်ကြီးချုပ် ဘီရှာခါဆောနက်သည် နေအိမ်တွင် ငါးရက်ကြာ သီးသန့်ခွဲထားစောင့်ကြည့်မှု ခံယူမည် ဖြစ်ကြောင်း ယင်းကာလကုန်ဆုံးချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု ရှိ၊ မရှိ စစ်ဆေးမည်ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းမရှိပါက ၎င်း၏လုပ်ငန်းတာဝန်များကို ပြန်လည် ထမ်းဆောင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်၏ အကြံပေး အဒဲလ်ဘီးလ်ဘီစီက ပြောကြားသည်။
ဂျော်ဒန်နိုင်ငံ၌ ဒီဇင်ဘာ ၁၈ ရက်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၉၂၀ နှင့် ယင်းရောဂါဖြင့် သေဆုံးသူ ၄၀ ထပ်မံတွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၀၃၃၄၆၉ ဦးရှိလာကြောင်းနှင့် ယင်းရောဂါဖြင့် သေဆုံးသူစုစုပေါင်း ၁၂၁၉၁ ဦးရှိလာကြောင်း ဂျော်ဒန်နိုင်ငံ အစိုးရက ထုတ်ပြန်ကြေညာချက်တစ်ရပ် တွင် ပြောကြားသည်။
လက်ရှိတွင် ဂျော်ဒန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိဆဲလူနာစုစုပေါင်း ၆၂၀၆၈ ဦးရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ ၄၅၅၅ ဦးရှိခြင်းကြောင့် ပြန်လည်ကျန်းမာလာ သူစုစုပေါင်း ၉၅၉၂၁၀ ရှိလာကြောင်း သိရသည်။
ဂျော်ဒန်နိုင်ငံ၌ လူဦးရေ ၄၂၆၆၇၈၆ ဦးသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်ထိုးနှံမှုခံယူပြီးဖြစ်ကြောင်းနှင့် ၃၈၅၄၅၇၄ ဦးသည် ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်