သွားပွတ်တံဟာ သွားကို သန့်ရှင်းရေးလုပ်တဲ့အရာဖြစ်လို့ သူကိုယ်တိုင်ကိုလည်း သန့်သန့်ရှင်းရှင်း ဖြစ်အောင် ထားသင့်ပါတယ်။ ဒီလိုမှမဟုတ်ရင် တစ်နေ့နှစ်ခါ ကိုယ့်ပါးစပ်ထဲကို ရောဂါပိုးတွေ ထည့်သွင်းသလို ဖြစ်နေမှာပါ။ သွားတိုက်ပြီးလို့ သွားပွတ်တံကို ရေနဲ့ဆေးချလိုက်ရင် ပြောင်တယ်လို့ ထင်ရပေမယ့် လက်တွေ့မှာတော့ ဒီလိုမဟုတ်ပါဘူး။ မျက်စိနဲ့မမြင်ရတဲ့ ပိုးမွှားတွေ ကပ်ညှိ နေနိုင်ပါသေးတယ်။ ဒါကြောင့် သွားပွတ်တံကို စနစ်တကျ ဘယ်လို သိမ်းဆည်းမလဲဆိုတာ ပြောပြပေးချင်ပါတယ်။

 

သွားပွတ်တံကို ဘယ်လို သန့်ရှင်းအောင် ထားကြမလဲ

 

သွားပွတ်တံကို သိမ်းဆည်းနည်း

 

          သွားပွတ်တံကို အလုံပိတ်ပြီး မသိမ်းပါနဲ့

 

အလုံပိတ်ပြီး သိမ်းတာက စိုထိုင်းဆပိုများစေပြီး ဘက်တီးရီးယားတွေ အလွယ်တကူ ပေါက်ပွား နိုင်ပါတယ်။ ခရီးသွားရင်တော့ သွားပွတ်တံကို ဘက်တီးရီးယားတွေ မကပ်ငြိအောင် အလုံပိတ်ဘူးထဲ ထည့်လို့ရပါတယ်။ ဒါပေမယ့် သွားပွတ်တံက ခြောက်သွေ့နေဖို့တော့ လိုပါတယ်။ သွားပွတ်တံ အစွပ်ကိုလည်း သန့်ရှင်းအောင်ထားပါ။ အာလုပ်ကျင်းဆေးရည်တွေမှာပါတဲ့ Chlorhexidineနဲ့ ပိုးသတ်လို့ရပါတယ်။

 

          သွားပွတ်တံကို ထောင်ပြီးထားပါ

 

ထောင်ပြီးထားမှ ရေတွေ အောက်ကို ကျလာမှာပါ။ မဟုတ်ရင် ရေကြိုက်တဲ့ ဘက်တီးရီးယားတွေ ပေါက်လာ ပါလိမ့်မယ်။ သွားပွတ်တံကို သောက်ရေခွက်လိုမျိုးထဲ ထည့်သိမ်းတတ်ရင် ခွက် အောက်ခြေကို ကြည့်လိုက်ပါ။ ရေတွေစုပြီး ရေချေးတွေ တက်နေတာ တွေ့ရပါလိမ့်မယ်။ ဒါကြောင့် သွားပွတ်တံကို ဇောက်ထိုးထားမယ်ဆိုရင် ရေချေးတွေ ပေကုန်မှာပါ။

 

          အိမ်သာနဲ့ အနည်းဆုံး ၂ ပေလောက်ခွာထားပါ

 

တချို့ အိမ်သာနဲ့ ဘေစင်နဲ့ တွဲထားတဲ့ အိမ်တွေမှာ သွားပွတ်တံကို အိမ်သာနဲ့ ဝေးဝေးထားတာ ကောင်းပါတယ်။ မဟုတ်ရင် အိမ်သာရေဆွဲချလိုက်တဲ့အခါ အိမ်သာခွက်ထဲက အညစ်အကြေး အမှုန်အမွှားတွေက သွားပွတ်တံမှာ လာကပ်ပါလိမ့်မယ်။ ကျန်းမာရေး ထိခိုက်လောက်အောင် မများပေမယ့် ဘာပဲဖြစ်ဖြစ် ကာကွယ်ထားတာ ပိုကောင်းပါတယ်။

 

          တစ်ပတ်တစ်ခါလောက် သွားပွတ်တံ ထည့်တဲ့ခွက်ကို သန့်ရှင်းရေး လုပ်ပါ

 

သွားပွတ်တံထည့်တဲ့ ခွက်ထဲမှာရှိတဲ့ အညစ်အကြေးတွေက သွားပွတ်တံဆီ ရောက်လာနိုင်ပါတယ်။ ဒီကနေမှတစ်ဆင့် ပါးစပ်ထဲကိုပေါ့။ ဒါကြောင့် ခွက်လိုမျိုးဟာထဲမှာ သိမ်းတတ်ရင် မဖြစ်မနေ တစ်ပတ်တစ်ခါလောက် သန့်ရှင်းရေး လုပ်ဖို့ လိုပါတယ်။ ရေနဲ့ ဆပ်ပြာသုံးရုံဆို လုံလောက်ပါပြီ။

 

          သွားပွတ်တံတွေကို တစ်ခုနဲ့ တစ်ခု မထိပါစေနဲ့

 

အိမ်မှာ မိသားစုတွေနဲ့ နေတာပဲ ဖြစ်ဖြစ်၊ အများနေတာဖြစ်ဖြစ် သွားပွတ်တံတွေကို စုပြုံပြီး ထားတဲ့အခါ တစ်ခုနဲ့ တစ်ခု မထိအောင် သတိထားပါ။ ဘက်တီးရီးယားတွေ အလွယ်ကူးနိုင်သလို ပါးစပ်ထဲက အရည်တွေလည်း ပေလာနိုင်ပါတယ်။

 

သွားပွတ်တံကို သန့်သန့်ရှင်းရှင်းထားနည်း

 

          သွားပွတ်တံကို မျှပြီး မသုံးပါနဲ့

 

သွားပွတ်တံဟာ တစ်ကိုယ်ရေသုံး ပစ္စည်းပါ။ သူများဟာလည်း ယူမသုံးပါနဲ့။ ကိုယ့်ဟာလည်း သူများ ပေးမသုံး ပါနဲ့။ သွားပွတ်တံကနေ တစ်ဆင့် ရောဂါပိုးတွေ ကူးစက်နိုင်လို့ပါ။

 

          သွားမတိုက်ခင် လက်ဆေးပါ

 

ကိုယ်အပါအဝင် တော်တော်များများက သွားတိုက်မယ်ဆိုရင် သွားတိုက်ဆေးကိုပဲ ပြေးယူတာပါ။ လက်ဆေးဖို့ သတိမရကြပါဘူး။ ခုက စပြီး သွားမတိုက်ခင် လက်ဆေးလိုက်တော့နော်။

 

          သွားပွတ်တံကို သေချာဆေးပါ

 

သွားတိုက်ပြီးတိုင်း သွားပွတ်တံကို သေချာဆေးပါ။ ရေနွေးလေးနဲ့ ဆေးနိုင်ရင် ပိုကောင်းပါတယ်။

 

          ရေဆေးပြီးရင် ရေခါပါ။

 

သွားပွတ်တံက ရေစိုလေလေ ဘက်တီးရီးယားတွေ ကြိုက်လေလေပါပဲ။ ဒါကြောင့် ရေဆေးပြီးရင် တတ်နိုင်သမျှ ရေစင်အောင်ခါပါ။

 

          သွားပွတ်တံကို အာလုပ်ကျင်းဆေးရည်၊ ပိုးသတ်ဆေးရည်တွေနဲ့ မစိမ်ပါနဲ့။

 

Dental Association အဆိုအရ ဒီနည်းလမ်းတွေက သွားနဲ့ ခံတွင်း ကျန်းမာရေးကို အထောက်အကူ မပြုပါဘူးတဲ့။ ဒါ့ပြင် စိုစွတ်နေတဲ့အတွက် ရောဂါပိုး ပိုကပ်နိုင်ပါတယ်။

 

          သွားပွတ်တံကို ပုံမှန်လဲပါ

 

သွားပွတ်တံတွေကို ၃-၄လ တစ်ခါ ပုံမှန်လဲပေးပါ။ လျှပ်စစ်သွားပွတ်တံဆိုလည်း ခေါင်းတွေကို ၃-၄လတစ်ခါ ပုံမှန်လဲပေးပါ။ ၃-၄လ မတိုင်ခင် အမွေးတွေ ဖွာနေရင်၊ အရောင်တွေ ဖျော့လာရင်လည်း လဲပေးပါ။

 

အထူးသတိပြုရမယ့် အခြေအနေများ

 

          အိမ်မှာ တစ်ယောက်ယောက် ဖျားနေခဲ့ရင်

 

သူတို့ရဲ့ သွားပွတ်တံတွေကိုရော တခြားသွားပွတ်တံတွေကိုပါ အသစ်လဲပြီး သက်သက်စီ ခွဲထားပါ။

 

          သင့်မှာ ခုခံအားမကောင်းတဲ့ ရောဂါတစ်ခုခုရှိနေရင်

 

ခုခံအား မကောင်းတဲ့အတွက် ဘက်တီးရီးယားလေး နည်းနည်းလောက် ဝင်လာရင်တောင် သင်နေမကောင်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သွားပွတ်တံတွေကို တတ်နိုင်သမျှ သန့်ရှင်းအောင် ထားပါ။ မကြာခဏ အသစ်လဲပေးပါ။

 

          သွားထိန်းတွေ တခြားပစ္စည်းတွေ သွားမှာ တပ်ထားရင် ဂရုစိုက်ပါ

 

လေ့လာချက်တွေအရ ဒီလိုပစ္စည်းတွေ တပ်ထားတဲ့ သူတွေရဲ့ သွားက သာမန်လူတွေထက် ပိုးတွေ ပိုများပါတယ်တဲ့။ ဒါကြောင့် သွားလည်း တိုက်ပါ။ သွားပွတ်ကြိုးသုံးပြီးလည်း သန့်ရှင်းရေး လုပ်ပါ။ သွားပွတ်တံတွေကိုလည်း သန့်ရှင်းအောင်ထားပါ။

 

ရေးသားသူ Dr. Htet Htet Zaw Win

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”