၂၅ ဖေဖော်ဝါရီ
မဟာမကုဋရံသီ (ခေါ်) မြတ်မော်တင်စေတီတော်မြတ်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းအနီး ရခိုင်ရိုးမတောင်တန်း၏တောင်ဘက်ဆုံး အငူဖြစ်သော မော်တင်စွန်းဟုခေါ်တွင်သည့် ပင်လယ်ပြင်အငူစွန်းပေါ်တွင် တည်ရှိပါသည်။ ပုသိမ်မှ အဖြောင့်တိုင်းလျှင် (၅၄) မိုင်ခန့်ရှိနိုင်ပါသည်။ ဘုရားပွဲတော်ကို ယခင်က တပေါင်းလဆန်း ၁ ရက်နေ့မှ လပြည့်နေ့အထိ ကျင်းပခဲ့ကြသော်လည်း ယခုအခါ တပို့တွဲလပြည့်နေ့မှ တပေါင်းလပြည့်နေ့အထိ တစ်လကြာ ကျင်းပပါသည်။ ယခုနှစ်ဘုရားပွဲတော်ကို ၁၃၈၀ ပြည့်နှစ် တပို့တွဲလပြည့်နေ့ (ဖေဖော်ဝါရီလ ၁၉ ရက်နေ့)မှစ၍ တပေါင်းလပြည့်နေ့ (မတ်လ ၂၀ ရက်နေ့)အထိ ကျင်းပမည်ဖြစ်ပါသည်။ ဘုရားပွဲသို့ ရန်ကုန်မြို့နှင့် ပုသိမ်မြို့တို့မှ သင်္ဘောဖြင့်လည်းကောင်း၊ ကားဖြင့်လည်းကောင်း သွားရောက်ဖူးမြော်ကြည်ညိုနိုင်ပါသည်။
အံ့ဖွယ်စုံလင် ဆံတော်ရှင်စေတီတော်
ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးသည် ဗုဒ္ဓရှင်တော်မြတ် ပထမဦးဆုံး ပေးလိုက်သော ဆံတော်မြတ်နှစ်ဆူနှင့် တည်ထားကိုးကွယ်ခဲ့ပြီး ဆံတော်ရှင် ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် သမိုင်းကြောင်း တစ်ဆက်တည်း ဖြစ်ပါသည်။ ဆံတော်ရှင်မြတ် မော်တင်စေတီတော်မြတ်ကြီးတွင် အံ့ဖွယ် ၁၈ ပါးရှိပါသည်။ ယင်းတို့မှာ လပြည့်၊ လကွယ်ညများတွင် ရောင်ခြည်တော်လွှတ်လေ့ရှိခြင်း၊ စေတီကုန်းတော်နှင့် ပရိဝုဏ်တွင်ရာ သီပန်းတို့ မပြတ်ပွင့်ခြင်း၊ ညချမ်းအခါ စေတီကုန်းတော်၌ မွှေးရနံ့များ လှိုင်တတ်ခြင်း၊ ခေါင်းလောင်းများ လူမတီးဘဲ မြည်တတ်ခြင်း၊ လပြည့်၊ လကွယ်နေ့များ အရုဏ်ဦးတွင် စေတီကုန်းတော်မှ မောင်းသံ၊ ဗုံသံစသော တူရိယာသံများ ကြားရတတ်ခြင်း၊ ညအခါ စေတီတော်တွင် တစ်ယောက်တည်း အဓိဋ္ဌာန်၍ ရင်ပြင်တော်ပေါ်တွင် ခုနစ်ပတ်ပတ်ပါက ရွှေသံ၊ ငွေသံများ ကြားရတတ်ခြင်း၊ စေတီတော်ကြီးရင်ပြင်တွင် သစ္စာဆို၊ အဓိဋ္ဌာန်ပုတီးစိပ်ပါက ရင်ပြင်တော်မှ မြည်ဟည်းသံကြားရတတ်ခြင်း၊ ယခုတိုင်အောင် ရံဖန်ရံခါ ဆွမ်းများ ဦးအောင်မတင်နိုင်ခြင်း၊ ဘေးအန္တရာယ်များ ကျရောက်လာပါက စေတီတော်မြတ်ကြီးအား အာရုံပြု၍ ရှိခိုးဆုတောင်းလိုက်သည်ရှိသော် ဘေးအန္တရာယ်များ ကင်းဝေးခြင်း၊ ဒုတိယကမ္ဘာ စစ်အတွင်းက အင်္ဂလိပ်စစ်တပ်မှ အမြောက်များ၊ စစ်သေနတ်များ ကြဲချပစ်ခတ်သော်လည်း ကျည်မခခြင်း၊ ဘုရားပွဲတော်တွင်လူပေါင်းသိန်း၊ သန်းချီ၍ရောက်သော်လည်း တောင်တော်တွင် လူပြည့်သည်ဟုမရှိခြင်း၊ နှစ်စဉ် ဘုရားပွဲဖြစ်သော်လည်း ခိုက်ရန်ဖြစ်ပွားမှုမရှိခြင်း၊ ဘုရားပွဲတော်တွင် လူပေါင်း သိန်း၊ သန်းချီ၍ လာရောက်ကြသော်လည်း ရေကန်များမှ ရေများမလျော့ခြင်း၊ ဘုရားပွဲတော်တွင် ဘုရားဆွမ်းတော်များ တောင်ပုံရာ ပုံစွန့်ထားသော်လည်း ကျီးတစ်ကောင်မျှ လာရောက်စားသောက်မှုမရှိခြင်း၊ တပေါင်း လဘုရားပွဲတော်နီးတိုင်း ကျီးအုပ်ကြီးများ၊ အမျိုးအမည်မသိသော ငှက်အုပ်ကြီးများ တောင်တော်နှင့် စေတီတော်အား ရစ်ပတ်ပျံဝဲကြခြင်း၊ နှစ်စဉ် တပေါင်းလတိုင်း အကြောင်းတစ်စုံတစ်ရာကြောင့် ပွဲတော်မကျင်းပနိုင်ပါက တောင်တော်မြည်ဟည်းခြင်း၊ နတ်ကျား၊ နတ်နဂါးတို့ ဘုရားဖူးလာသော်လည်း လူတို့အား အန္တရာယ်မပြုခြင်း၊ စေတီတော်အား အဝေးမှ ဖူးမြော်ရလျှင်သော်လည်းကောင်း၊ စေတီပရိဝုဏ်အတွင်းသို့ ကြည်ညိုစိတ်နှင့် ရောက်သည့်အခါတွင်လည်းကောင်း၊ ဖူးမြော်ဦးတိုက်လျှင်သော်လည်းကောင်း ကိုယ်စိတ်နှစ်ဖြာ ချမ်းမြေ့ခြင်းတို့ ဖြစ်ကြသည်ဟု ယုံကြည်ကြပါသည်။
သိဒ္ဓိတောင်တော်
ဤစေတီတော်မြတ်ကြီးတည်ရှိရ မော်တင်တောင်တော်(ခ) သရဏတောင်တော်သည် ဂေါတမဘုရားရှင်နှင့် ရှေးရှေးသော ဘုရားရှင်များ၏ ဓာတ်တော် မွေတော်များ ကိန်းဝပ်နေပြီး ဘုရားရှင်များ နုစဉ်ဘဝများက ပါရမီဖြည့်ကျင့်ခဲ့ရာ တောင်တော်မြတ်ကြီးဖြစ်ပါသည်။ ဤစေတီတော်မြတ်ကြီးတွင် ဝိပဿနာတရားအားထုတ်၍ ရဟ္တာဟု ကျော်စောသော ဆရာတော်များ ရှိခဲ့ခြင်း၊ သမထဘာဝနာကို အဓိကထား အားထုတ်၍ ထွက်ရပ်စခန်းကြွမြန်းသွားသော ဆရာတော်များ၊ လူပုဂ္ဂိုလ်များလည်း ရှိခဲ့ပါသည်။ ဤစေတီတော်မြတ်ကြီးအနီးတွင် သူတော်စင်၊ သူတော်မြတ်များ သီတင်းသုံး နေထိုင်ရာ “အလုံမြို့တော်” တည်ရှိပြီး ထို “အလုံမြို့တော်” သို့ ရောက်ဖူးသူများ ရှိခဲ့သည်ဟူ၍လည်း ကြားသိခဲ့ရပါသည်။
ဂေါတမဗုဒ္ဓလောင်းလျာသည် သက်တော် ၃၅ နှစ်အရွယ် မဟာသက္ကရာဇ် ၁၀၃ ခုကဆုန်လပြည့်နေ့တွင် ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့ပါသည်။
ထိုသို့ဘုရားဖြစ်ပြီးနောက် နောက်ဆုံး သတ္တဌာနဖြစ်သော ရာဇယတန လင်းလွန်းပင်ရင်း၌ ဗုဒ္ဓရှင် စံတော်မူစဉ် ဥက္ကလာပမြို့သား (ယခုရန်ကုန်မြို့သား) တဖုဿ၊ ဘလ္လိက ကုန်သည်ညီနောင်တို့သည် ဗုဒ္ဓပွင့်ရာမဇ္ဈိမ ဒေသ (ယခု အိန္ဒယပြည်၊ ဗုဒ္ဓဂယာ)အရပ်သို့ကုန်ရောင်းရန် ခရီးထွက်လာကြရာ ကုန်သည်ညီနောင်နှင့် ဘဝဟောင်းက ပဋ္ဌာန်းဆက် အလွန်နီးသော နတ်မင်းက လမ်းညွှန်မှုကြောင့် ဗုဒ္ဓရှင်တော်မြတ်ကို ဖူးကြရ၏။ ကုန်သည်ညီနောင်တို့သည် ဗုဒ္ဓရှင်ကို အလွန့်အလွန်ကြည်ညိုမိကြပြီး လမ်းခရီးတွင် စားရန်ယူဆောင်လာသော ပျားမုန့်များကို သဒ္ဓတရားလွန်ကဲစွာဖြင့် ရက်ရက်ရောရော လှူဒါန်းကြလေ၏။ ဗုဒ္ဓရှင်လည်း ပျားမုန့်ဆွမ်းများကို ဘုဉ်းပေးပြီးနောက် ဒွေဝါစိက သရဏဂုံနှင့်ငါးပါးသီလကို ချီးမြှင့်ပြီး တရားဟောတော်မူ၏။ ထို့ကြောင့် ဥက္ကလာပမြို့သား(ယခုမြန်မာ ပြည်သား) ကုန်သည်ညီနောင် ဗုဒ္ဓကို ပထမ ဦးဆုံးဖူးရသော၊ အဦးဆုံးဆွမ်းကပ်ခွင့်ရသော၊ အဦးဆုံးတရားဦးနာကြားရသော၊ အဦးဆုံး သရဏဂုံတည်သော၊ အဦးဆုံးစေတီတော် တည်ခွင့်ရသောပုဂ္ဂိုလ်ထူးများ ဖြစ်ကြပါပေ၏။
ကုန်သည်ညီနောင်တို့က ဗုဒ္ဓရှင်အား အမြဲထာဝရ အမှတ်တရကိုးကွယ်နိုင်ရန် ပစ္စည်းတစ်စုံတစ်ရာ ချီးမြှင့်ပေးပါရန် လျှောက်ထားတောင်းပန်မှုကြောင့် ဗုဒ္ဓရှင်က လကျာ် လက်တော်ဖြင့် ဦးခေါင်းကိုသုံးသပ်ရာ ပါလာသော ဆံတော် ရှစ်ဆူကို ချီးမြှင့်ပေးသနား တော်မူပါ၏။
ဆံတော်ပင့်ဆောင် ကုန်သည်ညီနောင်
ကုန်သည်ညီနောင်တို့သည် အလွန်အမင်း ဝမ်းမြောက်ကာ ပါလာသောကုန်များကို ထိုနေရာတစ်ဝိုက်တွင်ပင် ရောင်းချပြီး သိကြားမင်းပေးအပ်သော ပတ္တမြားကြုတ်တွင်ဆံတော် ရှစ်ဆူကိုထည့်၍ မဇ္ဈိမဒေသ (ယခုအိန္ဒိယ)ဆိပ်ကမ်းမှ ပင်လယ်ရေလမ်းကြောင်းအတိုင်း သိကြားမင်းနှင့် နတ်ကောင်းနတ်မြတ်များစီစဉ်ပေးသော ရွက်သင်္ဘောဖြင့် ဥက္ကလာပမြို့သို့ ပင့်ဆောင်ခဲ့ကြပါလေ၏။
လမ်းခရီးတွင် အဇ္ဈတ္တနဂရမြို့သို့ရောက်ရာ မင်းမိဖုရားနှင့် တိုင်းသူပြည်သားများက ဆံတော်များကို ဖူးမြော်ကြည်ညိုကြပြီး လွန်စွာကြည်ညိုဝမ်းမြောက်ကြ၍ မင်းကြီးက ဆံတော်မြတ်နှစ်ဆူကို ပင့်ယူထားလိုက်၏။
ထိုမှတစ်ဆင့် ကုန်သည်ညီနောင်တို့သည် သင်္ဘောဖြင့်ခရီးဆက်ခဲ့ရာ ယခုမြတ်မော်တင်စေတီတည်ရှိရာ မော်တင်စွန်း ရှေးအခေါ် သရဏတောင်(ဝါ) နဂရစ်ငူသို့ရောက်လျှင် ပင်လယ်မှ လှိုင်းလေထန်သဖြင့်တစ်ညတာ ကျောက်ချရပ်နားကြရ၏။
ရောင်ခြည်တော်ကွန့်မြူးထိုသို့ ညအိပ်ရပ်နားနေစဉ် ညအခါ ဗုဒ္ဓဆံတော်များမှ ရောင်ခြည်တော် ခြောက်သွယ်တို့ ကွန့်မြူးထွန်းလင်းရာ ပင်လယ်တော တောင်များသာမက ဘောဂဝတီ နတ်နဂါး ပြည်သို့တိုင်အောင် အလင်းရောင်များ ပျံ့နှံ့ရောက်ရှိသွားပြီး ရှုမငြီးဖွယ် တထိန်ထိန်လင်း လျက်ရှိပေ၏။ တောစောင့်နတ်၊ တောင်စောင့်နတ်၊ ကုန်းနေ၊ ရေနေသတ္တဝါများနှင့် ဘောဂဝတီနတ်နဂါးများလည်း ဝမ်းသာအားရ ကြည်ညိုပူဇော်ကြရလေ၏။
ထိုစဉ် ဘောဂဝတီနတ်နဂါးပြည်ကို အစိုးရတော်မူသော ဇေယျသေနနတ်နဂါးမင်း ကြီးသည် ဗုဒ္ဓဆံတော်များမှ ရောင်ခြည်တော်များ အလျှံညီးညီး ကွန့်မြူး၍ တန်ခိုးပြာဋိဟာ ပြနေသည်ကို အလွန့်အလွန် ကြည်ညို၍ ဖူး၍မကုန်၊ ကြည်ညို၍မဆုံး သဒ္ဓါဟုန်ဇော ထိန်းမရအောင် ဖြစ်လာရသဖြင့် နတ်နဂါးတို့၏ တန်ခိုးဖြင့် လူ့အသွင်ဆောင်ယူပြီး ညအချိန် ဆံတော်ဓာတ်မြတ်နှစ်ဆူကို ဘောဂဝတီနတ်နဂါးပြည်သို့ ပင့်ဆောင်ခဲ့လေ၏။
နံနက်မိုးသောက် အလင်းရောက်၍ လှိုင်းလေငြိမ်သောအခါ ကုန်သည်ညီနောင်တို့ ခရီးဆက်ခဲ့ရာ ဥက္ကလာပနေပြည်တော်သို့ရောက်၏။ သိကြားမင်း၊ ဥက္ကလာပမင်းကြီးနှင့်သူဌေး၊ သူကြွယ်၊ တိုင်းသူပြည်သားများ၏ မဟာကုသိုလ်တော်ဖြင့် (မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပေါင်းလပြည့်နေ့တွင်) ရွှေတိဂုံစေတီတော်မြတ်ကြီးကို တည်ထားကိုးကွယ်ခဲ့ကြပါ၏။
စေတီတော်ငယ် တည်ထားကိုးကွယ်
ဇေယျသေနနဂါးမင်းကြီးသည် ဆံတော်ဓာတ်မြတ်ကို ကြည်ညိုလွန်း၍ သူ၏ဦးခေါင်းထက်၌ ပူဇော်ကိုးကွယ်ထားလေ၏။ ဘောဂ ဝတီနတ်နဂါးပြည်မှ နတ်နဂါးများလည်း လွန်စွာဝမ်းမြောက် ကြည်ညိုကြလေ၏။ ဇေယျသေနနဂါးမင်းကြီးသည် ဆံတော်ဓာတ်မြတ်နှစ်ဆူကို အလွန့်အလွန် ကြည်ညိုသော ကြောင့် ဦးခေါင်းထက်၌ အတန်ကြာအောင်ကိုးကွယ်ပူဇော်ထားပြီးနောက် သိကြားမင်းနှင့် မော်တင်တောင်စောင့်နတ်မင်း ရှင်ညိုတို့၏ မေတ္တာရပ်ခံတောင်းဆိုမှုကြောင့် လူ၊ နတ်၊ နဂါးများ အလွယ်တကူ လာရောက်ဖူးမြော်နိုင်ရန် သရဏတောင်ခေါ် ယခုမော်တင်စွန်းတောင်၌ ပင်လယ်သမုဒ္ဒရာ အောက်မှရအပ်သော အရည်အသွေး အလွန်ကောင်းမွန်တောက်ပသည့် ပင်လယ်မြသား စစ်စစ်ဖြင့် စိုင်တစ်မော့အရွယ် စေတီတော်ငယ်ကို တည်ခဲ့သည်ဟု ဆိုကြပါ၏။
မြတ်မော်တင်ဆရာတော်များ၏ ဆိုမိန့်ချက်
မြတ်မော်တင်စေတီတော်တည်ရှိရာ မော်တင်ကျောင်းတွင် သီတင်းသုံးတော်မူခဲ့ကြသော ဆရာတော် အစဉ်အဆက်တို့၏ အဆိုအမိန့်များအရ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ဝါဆိုလဆန်း ၁၁ ရက်နေ့တွင် ဇေယျ သေနနဂါးမင်းကြီးသည် ဆံတော်နှစ်ဆူကို ဘောဂဝတီနဂါးပြည်သို့ ပင့်ဆောင်သွားခဲ့ပြီး မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ဝါဆိုလပြည့်နေ့တွင် လူ၊ နတ်၊ နဂါးများ အလွယ်တကူ လာရောက်ဖူးမြော်ကြည်ညိုနိုင်သော သရဏတောင်ခေါ် မော်တင်စွန်း၌ စေတီတော်ငယ်ကို တည်ခဲ့ခြင်းဖြစ်သည်ဟု ဆိုကြပါ၏။
သာသနာတွင် ထင်ရှားမင်းမြတ်များ လာရောက်ကြည်ညို
မြတ်ဗုဒ္ဓ သာသနာတော်မြတ်ကြီးကိုသန့်ရှင်း၊ တည်တံ့၊ ပြန့်ပွားအောင် ဆောင်ရွက်ရာတွင် အလွန်ထင်ရှားခဲ့ကြသော သီရိဓမ္မာ သောကမင်းကြီး၊ ဒွတ္တဘောင်မင်းကြီး၊ အနော်ရထာမင်းကြီး၊ ကျန်စစ်သားမင်းကြီးနှင့် အလောင်းစည်သူမင်းကြီးတို့သည် ဤဆံတော်ရှင်စေတီတော်မြတ်သို့ လာရောက်ဖူးမြော်ကြည်ညိုခဲ့ကြသည်ဟု သိရပါသည်။
တတိယသင်္ဂါယနာတင် သီရိဓမ္မာသောကမင်းကြီးသည် သာသနာတော်နှစ် ၂၃၆ ခုတွင် မြတ်မော်တင်စေတီတော်ကို လာရောက်ဖူးမြော်ပြီး မူလစေတီကိုငုံ၍ လူတစ်ရစ်၊ နတ်တစ်ရစ်၊ နဂါးတစ်ရစ် ထပ်မံတည်ထားခဲ့သည်ဟု ဆိုပါသည်။ အလောင်းစည်သူမင်းကြီးသည်လည်း သက္ကရာဇ် ၄၅၇ ခု တပေါင်းလပြည့်နေ့တွင် လူတစ်ရစ်၊ နတ်တစ်ရစ်ဖြင့် အတောင် ၄၀ အမြင့်ဆောင်၍ ထပ်မံတည်ထားကိုးကွယ်ခဲ့ပါသည်။
ယခုဖူးမြော်မြင်တွေ့နေရသော စေတီတော်မြတ်ကြီးကို ကျိုက်ထီးဆောင်းဆရာတော်၊ မြတ်မော်တင်ဆရာတော် အရှင်သုဇာတတို့ကိုအမှူးထား၍ အဂ္ဂမဟာ သီရိသုဓမ္မ မဏိဇောတဓရ ဝဏ္ဏကျော်ထင်ဒေါက်တာခင်ရွှေ(ဇေက္ဘာမိသားစု)က ပင်မ ဒါယကာပြု၍ ခုနစ်ရက်သားသမီးအပေါင်းတို့၏ ကုသိုလ်ဖြင့် ၁၃၇၉ ခုနှစ် နတ်တော်လပြည့်နေ့မှ တပို့တွဲလပြည့်နေ့အထိ ၄၅ ရက်အတွင်း ရွှေရောင်စတီးပြားများဖြင့် ရွှေတိဂုံပုံတူကို တည်ထားခဲ့ကြောင်း သိရပါသည်။ ထို့အပြင် မြေထိန်းနံရံအဖြစ် ဗုဒ္ဓဝင်ပြခန်းများ ဆောက်လုပ်လှူဒါန်းခဲ့သည်ဟု ဆိုနိုင်ပါသည်။
လာရောက်ဖူးမြော်အားထုတ်လှည့်ပါ
ဤဆံတော်ရှင် စေတီတော်မြတ်ကြီးတွင် တရားအားထုတ်၍ ရဟ္တာပုဂ္ဂိုလ်များ၊ ထွက်ရပ်ပေါက် ဝိဇ္ဇာပုဂ္ဂိုလ်များ ပေါ်ထွက်ခဲ့ဖူးကြောင်း၊ ၁၁ ပါးမြောက် မြတ်မော်တင်ကျောင်း ဆရာတော် အရှင်ဉာဏောဘာသက ၂၀ဝ၃ ခုနှစ် ဒီဇင်ဘာလတွင် မိန့်ခဲ့ဖူးပါသည်။ ထို့အပြင် ဆရာ ဦးသိန်းဆွေမြင့်B.A (Final) ရေးသားပြုစုသည့် မြတ်မော တင်စေတီတော် သမိုင်းအကျယ်တွင်လည်း ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးတွင် တရားအားထုတ်၍ ရဟန္တာများ၊ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်များ ပေါ်ပေါက်ခဲ့ကြောင်း ရေးသားထားပါသည်။ စာရေးသူသည် ဤစေတီတော်မြတ်ကြီးသို့ ၁၄ ကြိမ်သွားရောက်ကြည်ညို တရားအားထုတ်ခဲ့ပြီး ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးခွင့်ရခဲ့ပါသည်။
စိတ်အေးချမ်းသာစွာဖြင့် ကုသိုလ်ပြုနိုင်
ယခုနှစ် ဘုရားပွဲတော်ကာလတွင် သွားလာနေထိုင်စားသောက်ရန်အတွက် ပွဲတော်ကျင်းပရေးကော်မတီမှ စီစဉ်ထားပါသည်။ စေတီအနီးတွင် ဟိုတယ်နှင့်တည်းခိုခန်းများရှိပြီး သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် တည်းခိုနိုင်ပါသည်။ မော်တင်ကျောင်း ဆရာတော် အရှင်သုဇာတကလည်း ၉၉ မိုဘိုင်း(လှိုင်သာယာ)မှ လှူဒါန်းထားသော ပေ ၆၀ _၁၂၅ ပေရှိ ဝေဇယ္တာ တန်ဆောင်းကြီးအပါအဝင် ကျောင်းဆောင်များ၊ ဇရပ်၊ တန်ဆောင်းများတွင် ရေ၊ မီး အစုံဖြင့် မည်သူမဆို အခမဲ့ တည်းခိုနိုင်ရန်စီစဉ်ထားကြောင်း သိရပါသည်။ ဆေးပေး ခန်းများ၊ ကြက်ခြေနီတပ်ဖွဲ့များဖြင့်လည်း ကျန်းမာရေးစောင့်ရှောက်မှု စီစဉ်ထားပါသည်။
ယခုအခါ မြတ်ဗုဒ္ဓသာသနာတော်မြတ်ကြီးနှင့် ကြုံဆုံနေချိန်တွင် နိဗ္ဗာန်ကိုရည်မှန်း၍ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကောင်းမှုများကို ပြုလုပ်နိုင်ပါစေကြောင်းနှင့်မြတ်ဗုဒ္ဓသာသနာတော်မြတ်ကြီး သန့်ရှင်း၊ တည်တံ့၊ ပြန့်ပွားစေရန်အတွက် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ကြပါရန် မေတ္တာ ဖြင့်ရည်သန်၍ စာရေးသူမှ တိုက်တွန်းနှိုးဆော်အပ်ပါသည်။ မြတဗုဒ္ဓ၏ အဦးဆုံးဆံတော်နှင့် တည်ထားကိုးကွယ်ခဲ့သော၊ ဆံတော်ရှင်ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် သမိုင်းကြောင်းတစ်ဆက်တစ်စပ်တည်း ရှိတော်မူသော ဆုတောင်းပြည့် မြတ်မော်တင်စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်၍ ကုသိုလ်ကောင်းမှုများ ပြုလုပ်နိုင်ပါရန်ဤဆောင်းပါးဖြင့် တင်ပြအပ်ပါသည်။
ဘုရားဖူးလမ်းညွှန်
မြန်မာနိုင်ငံအရပ်ရပ်မှ ကားဖြင့် ပုသိမ်မြို့သို့လာ၍ ပုသိမ်-ငွေဆောင်ကားလမ်း အတိုင်း ၂၆ မိုင်အရောက်တွင် စိန်တောင်လမ်းခွဲရှိပါသည်။ ထိုလမ်းခွဲမှ စေတီတော်ခြေရင်းအထိ သွားရောက်နိုင်ပါသည်။ ထို့အပြင်ပုသိမ်မြို့မှ သင်္ဘော၊ အမြန်ရေယာဉ်များဖြင့်လည်း သွားရောက်ဖူးမြော်နိုင်ပါသည်။
မင်းငြိမ်းချမ်း(ငြိမ်းချမ်းမြေ)