သာသောင့်သာယာပျံ့လွင့်နေသည့် ရခိုင်ပြွီ (ခေါ်) ပလွေ

မာမာစိုး(ကြေးမုံ)

 

ရခိုင်ယဉ်ကျေးမှုများသည် ဓညဝတီ၊ ဝေသာလီ၊ လေးမြို့နှင့် မြောက်ဦးခေတ်တို့ကပင် ထွန်းကားခဲ့ကြသည်။ ယင်းသို့ ထွန်းကားခဲ့သော ယဉ်ကျေးမှုတို့တွင် သဘင်၊ ဂီတ၊ အကတို့လည်း ပါဝင်ခဲ့ကြသည်။ ကိုယ်ပိုင်ရိုးရာ တူရိယာပစ္စည်းတို့လည်း ပိုင်ဆိုင်ခဲ့ကြသည်။ ၎င်း တူရိယာပစ္စည်းတို့ကို “ကြေး၊ ကြိုး၊ သရေ၊ လေ၊ လက်ခုပ်” ဟူ၍ တူရိယာပစ္စည်း အမျိုးအစားတို့ကို စာလုံးအတိုကောက်ဖြင့် မှတ်တမ်းတင်ထားခဲ့ကြသည်။

 

“ကြေး” ဆိုသည်မှာ ကြေးဖြင့်ပြုလုပ်သော ကြေးစည်၊ မောင်း၊ ပတ္တလား၊ ခွက်ခွင်း၊ စည်းခတ် စသည်တို့ ဖြစ်သည်။ “ ကြိုး ” ဆိုသည်မှာ ကြိုးကိုအသုံးပြု၍ ပြုလုပ်ထားသော တယော၊ စောင်း၊ စောင်းကောက်၊ ဒူးလောင်း၊ မိကျောင်းတို့ ဖြစ်သည်။ “သားရေ” ဆိုသည်မှာ သားရေကို အသုံးချ၍ ပြုလုပ်ထားသော သားရေနှင့်ကြက်၍ တီးခတ်ရသော မြောက်စည်(ဗဟိုရ်စည်)၊ စည်ပန်းတောင်း၊ ခတ်စည်၊ စည်ရှည်၊ စည်အိုင့်(အိုးစည်)၊ ဒုပ္ပါ၊ ဒုံမင်း၊ ပတ်မ၊ တစ်ဖက်ပိတ်စည်၊ နှစ်ဖက်ပိတ်စည်၊ သံလွင်စည်၊ စည်ပုတ်၊ စည်ကြီး(ရွန်းစည်)၊ မုရိုးစည်၊ စည်ဝန်း၊ တဘက်စည်၊ ပတ်သာ၊ ပန်းတျား စသည့် တူရိယာပစ္စည်းမျိုး ဖြစ်သည်။ “လေ” ဆိုသည်မှာ လေနှင့်မှုတ်ရသော တူရိယာပစ္စည်းများမှာ လက်တံတို၊ လက်တံရှည်၊ ကော၊ ညှင်း၊ ချည်ခေါင်း၊ခရာကောက်၊ ခရြွာမာ၊ ဖက်လိပ်၊ နှဲ၊ ခရုသင်းနှင့် ပလွေ(ပြွီ) အမျိုးမျိုးတို့ ဖြစ်သည်။ "လက်ခုပ်” ဆိုသည်မှာ လက်ဖြင့် လက်ခုပ်တီးခြင်း၊ ဝါးလက်ခုပ်၊ သစ်လက်ခုပ်၊ လက်ကြားလက်ခုပ်၊ လက်ဖြောက်လက်ခုပ်၊ ကျောက်လက်ခုပ် စသည်တို့ဖြစ်ကြောင်း “တိုင်းရင်းသား ယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံများ” စာအုပ်ပါ အကြောင်းအရာများမှ ရခိုင်တူရိယာများနှင့် ပတ်သက်သည်များကို လေ့လာသိရှိရသည်။

 

ရခိုင် မဟာရာဇဝင်ကြီး၌ သုသိရခေါ် အခေါင်းရှိသော တူရိယာ ရှစ်မျိုးကို အောက်ပါအတိုင်း ဖော်ပြထားသည်ကို တွေ့ရှိရသည်။ ဒူးလောင်း၊ ခရာကောက်၊ ခရြွာမာ၊ လက်တံရှည်၊နှဲ၊ ပြွီဆိုသော ပလွေ၊ ခရုသင်း၊ ဖက်လိပ်ဆိုသော ချည်ခေါင်း စသည်တို့ဖြစ်သည်။ ၎င်းတံပိုး တူရိယာတို့နှင့် ရခိုင်တို့၏ သဘာဝတေးကဗျာတို့ကို ဂီတသံနှော တွဲဖက်သံစုံဟပ်ပေးခြင်းဖြင့် သာယာငြိမ့်ညောင်းစေသည်။ ရာဇဝင်မှတ်တမ်းတို့၌လည်း “ဘော”ဟူသော မှုတ်ရသည့် တူရိယာများအကြောင်းကိုလည်း လေ့လာ တွေ့ရှိရသည်။

 

ရှေးအခါက ရခိုင်ကျေးလက်တောရွာတို့တွင် အမျိုးသားနှင့် အမျိုးသမီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဇမ်းစကားပြောဆိုသည့်အခါ ရခိုင်လေမှုတ် တူရိယာတစ်ခုဖြစ်သော ချည်ခေါင်းတူရိယာကို အသုံးပြုကြသည်။ အဆိုပါ တူရိယာကို ပါးစပ်ဖြင့်ကိုက်ပြီး လက်ဖြင့် တီးခတ်ပေးရသည်။

 

 

လေကိုအသုံးပြု၍ တီးခတ်ရသည့် ရခိုင် တူရိယာတစ်မျိုးဖြစ်သည့် ပြွီ(ခေါ်) ပလွေကို ယနေ့တိုင် အသုံးပြုလျက်ရှိရာ ရခိုင်ရိုးရာ ပြွီ ငါးမျိုးရှိကြောင်း သုတေသီတစ်ဦး၏ ရေးသားချက်များအရ သိရသည်။ ၎င်းတို့မှာ တောင်ပြွီ၊ ပြွီခေါင်း(ခေါ်) ဗြောင်တောင်၊ ပြွီပြား၊ သံညှင်းပြွီနှင့် ထွာပြွီ တို့ဖြစ်သည်။ ပြွီသည် ရခိုင်ပြည်နယ်၌ အခြားသေ ာတူရိယာပစ္စည်းတို့ ထွန်းကားခဲ့သည့် အချိန်ကတည်းက ခေတ်စားခဲ့သည်။ ရှေးပေဟောင်းများတွင် ပြွီနှင့်ပတ်သက်သည့် အထောက်အထားတို့ တွေ့ရှိရသည်။ မြောက်ဦးမြို့ရှိ ရှေးရုပ်တုတို့တွင် ပြွီမှုတ်ဟန်ကို ယနေ့တိုင် တွေ့မြင်နိုင်သည်။

 

“ပိန်းပေါင်းခရာ၊ စည့်ဒုပ္ပါသည်၊ ပတ်သာမြို့လုံးချုံးမျှ၊ ကခြီမှုပတ္တလား၊ စောင်းညှင်း ပြွီသား တူရိယာလည်း၊ လူ့ရွာသဘင်များနှင့်” ဟူသော စာဆိုဥက္ကာပျံ၏ ဆယ့်နှစ်ရာသီဘွဲ့မှ စာပိုဒ်ကိုထောက်လျှင် ရခိုင်တူရိယာတို့ ထဲတွင် ပြွီလည်းပါဝင်ခဲ့ကြောင်း တွေ့ရှိရမည်ဖြစ်သည်။

 

“အသူမှုတ်တေ လင်လုပ်ကေပုလွီ ငရို့ မောင်မောင် လတ်မှုတ်တေ၊ လင်လုပ်ကေပုလွီ၊ ဝါးပုလွီ ကျာကျာ မှုတ်တေ ကျောင်းဒေါက်က” ရှေးဟောင်း ရခိုင်သာချင်းတစ်ပုဒ်ကို ဤကဲ့သို့ ပလွေ(ပြွီ) မှုတ်ခြင်းအကြောင်းနှင့် ပတ်သက်၍ ဖွဲ့ဆိုခဲ့ကြကြောင်း တွေ့ရှိရသည်။

 

ရခိုင်ပြွီသံသည် နန်းတော်တစ်ဝိုက်၌သာ ပျံ့နှံ့ခဲ့သည်မဟုတ်၊ လယ်သမား၊ နွားကျောင်းသားများ၏ လုပ်ငန်းခွင်၊ ကျေးလက်ပတ်ဝန်းကျင်တွင်လည်း ပျံ့နှံ့ခဲ့သည်။ ကာလသားလူပျိုတို့ ချစ်တေးသီရာတွင် မပါမပြီးသော လက်စွဲတော်အဖြစ်လည်း ထာဝစဉ် အမှုထမ်းခဲ့သည်။ သာတောင့်သာယာနှင့် တကျော်ကျော်လွင်နေသော ရခိုငြွ်ပီသံကို ကျေးလက်တောရွာများတွင် ယနေ့တိုင် ကြားနိုင်ပါသေးသည်။ ထို့ကြောင့် ပြွီသည် ရှေးရှေးအခါကပင် ရခိုင်ပြည်သူတို့၏ လက်စွဲတော် တူရိယာပစ္စည်း တစ်ခုဖြစ်ခဲ့ကြောင်း အကဲခတ်နိုင်သည်။

 

တောင်ပြွီမှာ အလျားတစ်တောင်ရှိပြီး လေတားကို ဖယောင်းအဆို့ဖြင့် ပြုလုပ်ရသည်။ သာချင်းဆိုရာတွင် အသုံးများသည်။ အိုးစည်ဝိုင်းနှင့် အခြားတီးဝိုင်းတို့တွင် တွဲဖက်တီးခတ်လေ့ရှိသည်။ စောင်းညှင်းပတ်သာ တူရိယာစုံနှင့် တွဲမှုတ်လေ့ရှိသည်။ ပြွီ လေးလုံး၊ ငါးလုံး၊ ခုနစ်လုံးစီ တွဲသုံးလေ့ရှိသည်။ တောင်ပြွီ ပြုလုပ်ပုံမှာ အတိုင်းအထွာ အချိုးအစား စနစ်တကျ ရှိရသည်။ တောင်ပြွီ ပြုလုပ်ရာတွင် ဝါးရှေ(ခေါ်) ဝါးနွယ်အမျိုးအစား ဝါးတစ်မျိုးမျိုးကို အသုံးပြုရသည်။ ယင်းဝါးမျိုးမှာ အလွန်ရှားပြီး နဂိုအရောင်မှာ သစ်ရောင် သုတ်ထားသကဲ့သို့ ရှိသည်။ တောင်ပြွီမှာ အရှည်အားဖြင့် တစ်တောင်ရှိသည်။ လုံးပတ်မှာ ငါးမူးလုံးခန့်ရှိသည်။ ဝါး၏ အလယ်ဗဟိုမှ ဝါးတစ်ပတ်အကွာအဝေးတွင် ပထမအပေါက်ကို စဖောက်ရသည်။ အပေါက်ခြောက်ပေါက်တန်း၍ ဖောက်ရသည်။ ပြွီတစ်ပေါက်နှင့် တစ်ပေါက် အကွာအဝေးမှာ ဝါးလုံးတစ်ပတ်၏ နှစ်ချိုးတစ်ချိုး ရှိရသည်။ နောက်ဆုံးအပေါက်နှင့် ပြွီအဖျားစွန်းအကွာအဝေးသည် ဝါးလုံးတစ်ပတ် သို့မဟုတ် လက်လေးလုံးခန့် ရှိရသည်။

 

ပထမဆုံး ပြွီပေါက်မှာ ဝါးတစ်ပတ်၏ နှစ်ဆအကွာတွင် အချင်း၏ နှစ်ပိုင်းတစ်ပိုင်းရှိ ဖယောင်းပေါက် (လေတားအပေါက်)ကို ဖောက်ရသည်။ ပြွီ၏ အရင်းစွန်းသည် ဖယောင်းပေါက်မှ ဝါးလုံးတစ်ပတ်၏ နှစ်ဆအကွာအဝေး ရှိရသည်။ ဤတောင်ပြွီမျိုးကို ယခုအခါ မြောက်ဦးမြို့နှင့် ရခိုင်ပြည်အနှံ့ မှုတ်လေ့ရှိသေးကြောင်း သိရသည်။

 

ပြွီခေါင်း (ခေါ်) ဗြောင်တောင်မှာ ဖယောင်းအဆို့မပါဘဲ နှုတ်ခမ်းဖြင့် လေကိုချိန်၍ မှုတ်ရသော ပြွီမျိုးဖြစ်သည်။ ဘွဲ့၊ ရတု၊ ရကန်သီဆိုရာ၌ အသုံးပြုသည်။ အပေါက်ခြောက်ပေါက် ပါသည်။ တောင်ပြွီနှင့်လည်း တွဲသုံးတတ်သည်။

 

သစ်သားအဆို့နှင့် အရင်းမှပြားနေသော ပလွေကို ပြွီပြားဟု ခေါ်သည်။ အပေါက် ခြောက်ပေါက်ရှိသည်။ တောင်ပြွီ၊ ပြွီခေါင်းများနှင့်လည်း တွဲသုံးသည်။ ဧချင်းဆိုရာတွင် သုံးလေ့ရှိသည်။ ရှေးယခင်က ဘိသိက်မင်္ဂလာပွဲ၊ ဂုဏ်ပြုပွဲများတွင် သုံးလေ့ရှိကြောင်း သိရသည်။

 

စံညှင်းပြွီ (ခေါ်) သံညှင်းပြီ (ခေါ်)အသီးပြွီမျိုးကို အမည်သုံးမျိုး ခေါ်ဝေါ်ကြသည်။ ဒေသအလိုက် ကွဲပြားခြင်းဖြစ်သည်။ ငွေပြားဖြင့် ပြုလုပ်သော လျှာမျိုးကို အသုံးပြုသည်။ မှုတ်သည့် အပေါက်အရင်းဘက်မှ ပိတ်ထား၍ ဘေးအပေါက်မှ မှုတ်ရသည်။ တချို့မှာ အပေါက်ခုနစ်ပေါက် ဖောက်သည်။ များသောအားဖြင့် ခြောက်ပေါက် ဖောက်သည်။ ညှင်းဘူးတောင်းကဲ့သို့ သိမ်းလျှာကို တပ်ဆင်၍ မှုတ်ရသော ပြွီမျိုးများဖြစ်၍ ၎င်းကို စံညှင်းပြွီဟူ၍ ခေါ်တွင်ပါသည်။ သံညှင်းပြွီ ခေါ်တွင်ခြင်းမှာ တချို့ဒေသ၌ သံခြေခေါင်းကဲ့သို့ သိမ်းလျှာကို တပ်ဆင်၍ မှုတ်သောကြောင့် ဖြစ်သည်။

 

အသီးပြွီဟု ခေါ်ရခြင်းမှာလည်း အထက်ဖော်ပြခဲ့သော ညှင်းဘူးတောင်းဝ၊ သံခြေခေါင်းကဲ့သို့ တချို့ဒေသတွင် သိမ်းလျှာကို အသီးပြွီပုံတပ်ဆင်၍ မှုတ်သောကြောင့် ဖြစ်သည်။ ဧ၊အိုင်၊ သာချင်းသီဆိုရာတွင် အသုံးပြုသည်။

 

တွာပြွီသည် အရှည်ဆုံးတစ်ထွာသာရှိသော ပြွီမျိုးဖြစ်သည်။ အပေါက် သုံးပေါက်ရှိသည်။ ခုနစ်ပေါက်ရှိသည့် မြန်မာပြွီအမျိုးအစားနှင့် ဆင်သည်။ အခြား ပြွီများနှင့်လည်း တွဲ၍မှုတ်နိုင်သည်။

 

ပြွီတစ်လုံး ပြုလုပ်ပြီးသောအခါ ပြွီညှိသည်။ ပြွီစမ်သည်ဟူ၍ ရှိသည်။ ပြွီညှိရာတွင် အူသံညှိခြင်း၊ ကျူသံဖြင့် ညှိခြင်းဟူ၍ ရှိသည်။ ပြွီညှိစမ်းရာတွင် “ချောင်းတစ်ဖက်က နီသူဆွရှိ ဖြူဆွရှိဖြူ၊ အောက်ကိုရာဆင်း တုံဇာလုပ်တုံဇာ လုပ်တုံ၊ ကြက်လှောင်တုံ ကြက်လှောင်တုံ အောက်ကိုရာဆင်း တုံကြက်လှောင်တုံ” ဟူသော သာချင်မျိုးနှင့် ညှိစမ်းကြကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး ပေါင်းစုံတို့ မှီတင်းနေထိုင်လျက်ရှိရာ တူညီသော ယဉ်ကျေးမှုများရှိသကဲ့သို့ ကွဲပြားခြားနားသော ယဉ်ကျေးမှုများလည်း ရှိကြသည်။ ထိုကဲ့သို့ တိုင်းရင်းသားပေါင်းစုံတို့၏ တူညီသော၊ ကွဲပြားသော သီဆိုမှု၊ အတီးအမှုတ်၊ အကအခုန်၊ ဝတ်စားဆင်ယဉ်မှု၊ လူမှုဆက်ဆံရေး၊ ပွဲလမ်းသဘင်၊ ကိုးကွယ်မှု၊ ဓလေ့ထုံးစံ၊ စာပေ၊ ဘာသာစကား အစရှိသော ယဉ်ကျေးမှုပေါင်းစုံကို ရှာဖွေစုဆောင်း၍ ပြန်လည်ထွန်းကားလာရန် ဖော်ထုတ်ရပေမည်။