နေပြည်တော် ဇူလိုင် ၈
၂၀၂၃ ခုနှစ်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အရှေ့ဘက်သရက်ခြံအနီး၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကို က နိုင်ငံသားတိုင်းသည် တစ်ဦးချင်းအနေဖြင့် သာမက တစ်နိုင်ငံလုံးအနေဖြင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခြင်းကို တက်ညီလက်ညီ ပူးပေါင်းပါဝင်ကြစေလိုကြောင်း၊ သစ်တောသစ်ပင်များ နှစ်စဉ်စိုက်ပျိုးနိုင်ရေး ၊ စိုက်ပျိုးပြီး သစ်ပင်များရှင်သန်နိုင်ရေးတို့အတွက် နိုင်ငံသူနိုင်ငံသားများအနေဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်းပြောကြားပြီး ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန် များ၊ ဒုတိယညွှန် ကြားရေးမှူးချုပ်များ၊ အရာထမ်းအမှုထမ်းများနှင့်အတူ သတ်မှတ်နေရာများတွင် ရတနာတန်းဝင် ကျွန်းပင်များကို စိုက်ပျိုးပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် အရာထမ်း အမှုထမ်းများ၏ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးကြသည်။
ယနေ့ အခမ်းအနားတွင် ရတနာတန်းဝင်ကျွန်းပင် ၃၀၀ စိုက်ပျိုးခဲ့ပြီး ယခင်နှစ်များက စိုက်ပျိုးခဲ့သည့် ကျွန်းပင်၂၁၀၀ ၊ အရိပ်ရလေကာပင်များနှင့် စိန်တစ်လုံး သရက်ပင် ၂၄၅၀ သည်လည်း ရှင်သန်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်