နေပြည်တော်၊ ဇန်နဝါရီ ၈

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အခမ်းအနားမှူးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၁)၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း/ အမှုထမ်းများ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဌာနမှ အရာထမ်း/ အမှုထမ်းများအနေဖြင့် ဘာသာရေးဆိုင်ရာ အခမ်းအနားများနှင့်ပတ်သက်၍ ကျွမ်းကျင်စွာစီစဉ်ဆောင်ရွက် လုပ်ကိုင်တတ်ရန် အထူးလိုအပ်မည်ဖြစ်ပါကြောင်း၊ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ကောင်းမွန်စွာ သိရှိနားလည်ထားရန် လိုအပ်ပြီး ကြိုတင်ဆောင်ရွက်ရမည့် ကိစ္စရပ်များကိုလည်း စီစဉ်ဆောင်ရွက်တတ်ရန်လိုအပ်ပါကြောင်း၊ အခမ်းအနားမှူးသည် အခမ်းအနားတစ်ခုလုံးကို စီစဉ်ညွှန်ကြားဆောင်ရွက်ရသူဖြစ်သည့်အတွက် မိမိစီစဉ်ဆောင်ရွက်ရမည့် အခမ်းအနားနှင့် ပတ်သက်ပြီး အခြေအနေအရပ်ရပ်ကို သိရှိနားလည်အောင် ဆောင်ရွက်ထားရမည် ဖြစ်ပါကြောင်း၊ သင်တန်းတက်ရောက်ကြမည့် သင်တန်းသား အရာထမ်း/ အမှုထမ်းများအနေဖြင့် သာသနာတော်ဆိုင်ရာ အခမ်းအနားများကို သာသနာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကျင်းပနိုင်ရေးအတွက် ဘာသာရေး စာပေကျမ်းဂန်များ နှံ့စပ်မှုရှိအောင် လေ့လာကြိုးစား အားထုတ်သွားကြပါရန် တိုက်တွန်းပြောကြားသည်။

 

အခမ်းအနားမှူးသင်တန်းကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ကြီးရုံး (သာသနာရေး) မှ သင်တန်းသား ၃ ဦး၊ သာသနာရေးဦးစီးဌာနမှ သင်တန်းသား ၁၃ ဦးနှင့် သာသနာတော်ထွန်းကား ပြန့်ပွားရေး ဦးစီးဌာနမှ သင်တန်းသား ၁၀ ဦး၊ စုစုပေါင်း သင်တန်းသား ၂၆ ဦး တို့ကို ရက်သတ္တ ၂ ပတ်အကြာ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်