နေပြည်တော် စက်တင်ဘာ ၂၁

 

အကြီးစားပြင်ဆင်မွမ်းမံမှုများ ဆောင်ရွက်နေသော မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီးနှင့် နိုင်ငံတော် သံဃမဟာနာယက ၄၇ ပါးစုံညီ အစည်းအဝေး ကျင်းပပြုလုပ်မည့် ဝိဇယမင်္ဂလာ ဓမ္မသဘင် အဆောက်အဦးလုပ်ငန်းများ အချိန်မီပြီးစီးရေး၊ အရည်အသွေးစံမီသော သတ်မှတ်ပစ္စည်းများသုံးစွဲရေး၊ ပိဋကသုံးပုံပါဠိတော်ကို မြန်မာ-ရိုမန် အက္ခရာနှစ်မျိုးဖြင့် ကျမ်းစာအုပ်များ ရိုက်နှိပ်ထုတ်ဝေခြင်းလုပ်ငန်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေးနှင့် ကျမ်းစာအုပ်များ အရည်အသွေးကောင်းမွန်ရေးတို့ကို အလေးထား ဆောင်ရွက်ကြရန်  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက  ယနေ့နံနက်ပိုင်း က အဆိုပါလုပ်ငန်းများကို သွားရောက် ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများအား မှာကြားသည်။

 

ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက ပြည်မြို့၌ နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ဘဒ္ဒန္တသေဋ္ဌိလ၊ တိုင်းသံဃနာယက ဥက္ကဋ္ဌ ဇောတိကာရုံပါဠိတက္ကသိုလ် ဆရာတော် ဦးသုမင်္ဂလနှင့် ဝင်္ကပါစာသင်တိုက် ဆရာတော် ဦးဩဘာသတို့အား သွားရောက်ဖူးမြော်ကာ အလှူငွေများ ဆက်ကပ် လှူဒါန်းပြီး ပဲခူးတိုင်းသာသနာရေးမှူးရုံးခွဲ(ပြည်) အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ၍ လုံခြုံရေးနှင့် သာသနာရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ မှာကြားခဲ့သည်။

 

စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းက ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး တိုင်းသာသနာရေးမှူးရုံး၌ အရာထမ်း၊ အမှုထမ်းများနှင့်‌တွေ့ဆုံကာ လုံခြုံရေးနှင့် သာသနာရေးဆိုင်ရာ ကိစ္စရပ်များကို  မှာကြားသည်။

 

အဆိုပါ ခရီးစဉ်အတွင်း  ပွင့်ဖြူမြို့နယ် စန္ဒကူးနံ့သာကျောင်းတော်ရာ ကျောင်းကြီးကျောင်း ဆရာတော် ဘဒ္ဒန္တဓမ္မာစာရအား သွားရောက်ဖူးမြော်ပြီး သာမဏေငယ်များ ပြုစုပျိုးထောင်ရေးအတွက် သာသနာရေး ဆိုင်ရာကိစ္စရပ်များ လျှောက်ထားကာ အလှူငွေများလှူဒါန်းခြင်း၊ မကွေးမြို့မြသလွန် စေတီတော်အား သွားရောက်ဖူး မြော်ကြည်ညိုကာ  စေတီတော်ဘဏ္ဍာထိန်း ဂေါပကများနှင့်တွေ့ဆုံ၍  ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဘုရားဖူးပြည်သူများ ဘုရားဖူးနိုင်ရေး စီမံဆောင်ရွက်ပေးရန် နှင့် စေတီတော်ကြီး ဘက်စုံမွမ်းမံပြင်ဆင်ရေးအတွက် အလှူငွေများ လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)