နေပြည်တော် ၁၆ မေ

 

နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာဗျူဟာသာ သနာ့ဗိမာန်တော်ကြီး၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပျဉ်းမနားမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်များရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများကို ဆွမ်းဆန်တော် လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီတွင် ကျင်းပပြုလုပ်ရာ အဆိုပါအခမ်းအနားသို့ နေပြည်တော်၊ ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံ ပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ  ဘဒ္ဒန္တဝိမလဗုဒ္ဓိ အမှူးပြုသော ဆရာတော်ကြီး ၅ ပါး ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို အမှူးပြုသော ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြည်ညိုကြသည်။

 

အခမ်းအနားတွင် မင်္ဂလာဇေယျုံ ပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယကဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို အမှူးပြုသော ဌာနဆိုင်ရာအကြီးအကဲများက လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းကြကာ ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

 

အဆိုပါ ဆွမ်းဆန်တော်လှူဒါန်းပွဲ အခမ်းအနားတွင် Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်/ ထိန်းချုပ်/ တုံ့ပြန်နေစဉ်ကာလအတွင်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း ၁၀ ကျောင်း၊ သီလရှင်ကျောင်း ၄ ကျောင်းတို့တွင် သီတင်းသုံးနေထိုင်တော်မူကြသော ရဟန်း၊ သာမဏေ ၂၅၉ ပါး၊ သီလရှင် ၉၆ ပါး၊ ပုဗ္ဗသီရိမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း ၆ ကျောင်း၊ သီလရှင်ကျောင်း ၃ ကျောင်းတို့တွင် သီတင်းသုံးနေထိုင်တော် မူကြသော ရဟန်း၊ သာမဏေ ၃၂၂ ပါး၊ သီလရှင် ၁၄၈ ပါး စုစုပေါင်း ဘုန်းတော်ကြီးကျောင်း ၁၆ ကျောင်း၊ သီလရှင်ကျောင်း ၇ ကျောင်းရှိ ရဟန်း၊ သာမဏေ ၅၈၁ ပါး၊ သီလရှင် ၂၄၄ ပါးတို့ကို ဆွမ်းဆန်တော် အိတ် ၁၆၁ အိတ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်