နေပြည်တော် ဧပြီ ၁
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကျင်းပသော သုံးဆယ့်ရှစ်ဖြာမင်္ဂလာ ယဉ်ကျေး လိမ္မာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)တာဝန်ရှိသူများ၊ အထူးဖိတ်ကြား ထားသည့်ဧည့်သည်တော်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး က မင်္ဂလသုတ္တန်တွင် သုံးဆယ့်ရှစ်ပါးသော မင်္ဂလာမည်သည့် အကြောင်းအရာများကို တိကျစွာ ထည့်သွင်းဟောကြားခဲ့ကြောင်း၊ သုံးဆယ့်ရှစ်ဖြာမင်္ဂလာတရားတော်ထဲတွင် အကြောင်းအရာအားဖြင့် ၁၀ ခုကို အသေး စိတ် ထည့်သွင်းဟောကြားခဲ့ပြီး ဆက်ဆံရေးနှင့်ပတ်သက်သည့် မင်္ဂလာ ၃ ပါး၊ နေထိုင်ရေး နှင့်ပတ်သက်သည့် မင်္ဂလာ ၃ ပါး၊ ပညာရေးနှင့်ပတ်သက်သည့် မင်္ဂလာ ၄ ပါး၊ ပြုစု စောင့်ရှောက်ရေးနှင့်ပတ်သက်သည့် မင်္ဂလာ ၃ ပါး၊ လိုက်နာကျင့်သုံး ရေးနှင့် ပတ်သက်သည့် မင်္ဂလာ ၄ ပါး၊ ရှောင်ကြဉ်ရေးနှင့်ပတ်သက်သည့် မင်္ဂလာ ၄ ပါး၊ စိတ်ထားရေး နှင့်ပတ်သက်သည့် မင်္ဂလာ ၅ ပါး၊ သည်းခံရေးနှင့်ပတ်သက်သည့် မင်္ဂလာ ၄ ပါး၊ ခြိုးခြံရေးနှင့် ပတ်သက်သည့် မင်္ဂလာ ၄ ပါး၊ စိတ်ထား ကြံ့ခိုင်ရေးနှင့်ပတ်သက်သည့် မင်္ဂလာ ၄ ပါးတို့ဖြစ်ကြောင်း။
မင်္ဂလသုတ္တန်တရားတော်ကို အသုံးချနိုင်ရန် အရေးကြီးကြောင်း၊ လောကီမင်္ဂလာ တရား တော်များထဲမှ “အသေဝနာ စ ဗာလာနံ” လူမိုက်ကို မမှီဝဲ၊ မပေါင်းသင်းဘဲ မိမိကိုယ်ကို အသိ နှင့်သတိရှိပြီး မပြုလုပ် မပြုသင့်သည်များကို ရှောင်ကြဉ်ကြရန်နှင့် အလေးထားဆောင်ရွက်ရန် အကြံပြု တိုက်တွန်းလိုကြောင်း၊ ပညာရှိကို မှီဝဲဆည်းကပ်ခြင်း၊ ပူဇော်ထိုက်သူကို ပူဇော်ခြင်း၊ သင့်တင့်လျောက်ပတ်သည့် အရပ်ဒေသတွင် နေထိုင်ခြင်း အစပြုသည့် မင်္ဂလာတရားတော်များကို လိုက်နာကျင့်သုံးကြရန် အကြံပြုတိုက်တွန်းလိုကြောင်း။
သင်တန်းတွင် ဗုဒ္ဓဝင်နှင့် ပြည်သူ့နီလည်း သင်ကြားပေးမည်ဖြစ်ကြောင်း၊ ပြည်သူ့နီတိ ဆိုသည်မှာ ဆက်ဆံရမည့်သူ၊ နေရာ ဒေသနှင့် အချိန်အခါများအပေါ်မူတည်၍ ကျင့်သုံးရမည့် လူမှုစည်းမျဉ်း၊ ကျင့်ဝတ်များဖြစ်ပြီး ပြည်သူ့နီတိကို လိုက်နာကျင့်သုံးလျှင် လိမ်မ္မာယဉ်ကျေးသော လူငယ်များ ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းနာယက (အထက်မြန်မာပြည်) ဦးစိုးနိုင် က အလှူငွေကျပ်သိန်း ၅၀ နှင့် ကျောက်စိမ်းပုတီးအကုံး ၅၀၀ နှင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ဂုဏ်ထူးဆောင် နာယက ဦးစိုးသိန်းနှင့်ဇနီး ဒေါ်ခင်ချိုအုန်း က အလှူငွေကျပ်သိန်း ၃၀ တို့ကို ပြည်ထောင်စုဝန်ကြီး ထံ ပေးအပ်လှူဒါန်းသည်။
အဆိုပါသင်တန်းကို ရက်သတ္တပတ် ၁ ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်