နေပြည်တော်  ဇူလိုင်  ၅

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၅)၏ မျက်နှာစာရှိ မြေကွက်လပ်၌ ကျင်းပသည်။ 

သစ်ပင်စိုက်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ ဒုတိယ ဝန်ကြီး ဦး‌အေးထွန်းနှင့် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများက သတ်မှတ်နေရာအသီးသီးတွင် ကျွန်းပင်များ ကို စုပေါင်းစိုက်ပျိုးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများက ဝန်ထမ်းများ၏ သစ်ပင်စိုက်ပျိုးမှုအား လိုက်လံကြည့်ရှုအားပေးကြသည်။

ယနေ့သစ်ပင်စိုက်ပွဲတွင် ကျွန်းပင်ပေါင်း ၁၈၀၀ စိုက်ပျိုးခဲ့ပြီး ယခင်နှစ်များက စိုက်ပျိုးခဲ့သည့် ရတနာ တန်းဝင်ပင်၊ အရိပ်ရလေကာပင်နှင့် စိန်တစ်လုံးသရက်ပင် စုစုပေါင်း အပင်၂၄၅၀ သည်လည်းရှင်သန် လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)