ရန်ကုန် ၃၀ ဇူလိုင်
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း မြို့နယ်စစ်ကိုင်းပရိယတ္တိ စာသင်တိုက် သံဃာအပါး(၃၅၀)အတွက် ပရိယတ္တိပညာရေးပဒေသာပင် အလှူငွေစိုက်ထူလှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် အဆိုပါကျောင်းတိုက်၌ ကျင်းပသည်။
အခမ်းအနားတွင် နိုင်ငံတော်ဩဝါဒါစရိယ စစ်ကိုင်းပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာနနာယကဆရာတော် အဘိဓဇမဟာရဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဓမ္မာနန္ဒထံမှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များက မေတ္တသုတ်ပရိတ်တရားတော်များကို ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက စစ်ကိုင်းပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာန နာယကဆရာတော်အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက စစ်ကိုင်းပရိယတ္တိစာသင်တိုက်ရှိ သံဃာအပါး(၃၅၀)အတွက် အလှူငွေကျပ်သိန်း(၃၀)ကို ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီး တိုင်းသာသနာရေးမှူး ဦးစိန်မော်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ယင်းနောက် စစ်ကိုင်းပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာနနာယကဆရာတော်က အနုမောဓနာတရားမြွက်ကြားတော်မူပြီး ပြည်ထောင်စုဝန်ကြီးနှင့်ပရိသတ်က လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သာကေတမြို့နယ်ရှိ တိပိဋကလင်္ကာရ ကျောင်းတိုက်ရှိ သံဃာတော်များအတွက် ပရိယတ္တိပညာရေး ငွေပဒေသာပင်စိုက်ထူလှူဒါန်းပွဲကို နံနက် (၁၀)နာရီခွဲတွင် အဆိုပါကျောင်းတိုက်၌ ကျင်းပသည်။
ရှေးဦးစွာ သာကေတမြို့နယ် တိပိဋကလင်္ကာရကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဒွိပိဋက ဘဒ္ဒန္တအဂ္ဂသာမိထံမှ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များက မေတ္တသုတ် ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည်။
ထို့နောက် တိပိဋကလင်္ကာရကျောင်းတိုက်၏ ဦးစီးပဓာနနာယကဆရာတော်အား ပြည်ထောင်စုဝန်ကြီးက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး တိပိဋကလင်္ကာရကျောင်းတိုက်ရှိ သံဃာတော်(၈၄)ပါးအတွက် ပရိယတ္တိ ပညာရေးပဒေသာပင် အလှူငွေကျပ်သိန်း(၃၀)ကို ပြည်ထောင်စုဝန်ကြီးက ပေးအပ်လှူဒါန်းရာ ကျောင်းအကျိူးတော်ဆောင် ဦးအောင်ကိုဇော်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ယင်းနောက် တိပိဋကလင်္ကာရကျောင်းတိုက်၏ ဦးစီးပဓာနနာယက ဆရာတော်ထံမှ အနုမောဓနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
သတင်းစဉ်


