နေပြည်တော် နိုဝင်ဘာ ၁၂

 

တိမ်မြုပ်ပျောက်ကွယ် လုနီးပါးဖြစ်နေသည့် မြန်မာ့ရုပ်စုံသဘင် ရိုက်ကူးထုတ်လွှင့်ပြသနိုင်ရေး ညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲ ၂ နာရီက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ လောကနတ်အစည်းအဝေး ခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

 

ညှိနှိုင်းအစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးထွန်းအုံနှင့် တာဝန်ရှိသူများ၊  အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်၊ မန္တလေး)တို့မှ ပါမောက္ခချုပ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး ခန့်ညားထည်ဝါစွာ ဂုဏ်ယူရပ်တည်နိုင်ရန်အတွက် ထိုနိုင်ငံ ထိုလူမျိုးတို့၏ ရိုးရာအစဉ်အလာ ကိုယ်ပိုင်ယဉ်ကျေးမှုသည် အဓိကသွင်ပြင်လက္ခဏာကြီး တစ်ရပ်အဖြစ် အမြဲပါဝင်နေပါကြောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနအနေဖြင့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ထိန်းသိမ်းစောင့်ရှောက်ရေး ဆိုသည့် ဦးတည်ချက်အား ရည်မှန်းချက်ပန်းတိုင်အဖြစ် ထားရှိဆောင်ရွက်လျက်ရှိပါကြောင်း။

 

ကုန်းဘောင်ခေတ် သက္ကရာဇ် ၁၁၄၅ ခုနှစ်တွင် ဘိုးတော်မင်းတရားကြီး (ဗဒုံမင်း) လက်ထက်က သဘင်နှင့် ပတ်သက်သည့် အမိန့်တော်မှတ်တမ်း တစ်စောင်ကိုထုတ်ပြန်ခဲ့ကြောင်း၊ ထိုအမိန့်တော်မှတ်တမ်းအရ ကုန်းဘောင်ခေတ်တွင် ရုပ်သေးကို "အမြင့်သဘင်"ဟု အလေးထားအမည်ပြုခဲ့ပါကြောင်း၊ ပါတော်မူပြီး နှောင်းပိုင်းကာလများတွင်လည်း မြန်မာ့ရုပ်စုံသဘင်သည် တိမ်မြုပ်ပျောက်ကွယ်သွားခြင်းမရှိခဲ့ပါကြောင်း "ရုပ်သေးမှာအသံ၊ ဇာတ်မှာ ဟန်" ဆိုသည့် စကားအရ ရုပ်သေးအဆိုပညာရှင် ဆရာပု၊ ဦးဖူးညို၊ ပုဂံသားမောင်ဘကျော်တို့ နာမည်ကြီးခဲ့ပါကြောင်း၊ လွတ်လပ်ရေးရပြီးကာစ ကာလများမှာလည်း မြန်မာနိုင်ငံ အထက်ပိုင်းက ရွှေဘိုတင်မောင်၊ မြန်မာနိုင်ငံအောက်ပိုင်းက ပုဏ္ဏားပျံကျော်အေး ရုပ်စုံသဘင်တို့ နာမည်ကျော်ကြားခဲ့ပါကြောင်း၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်တွင်လည်း ဒေါက်တာဦးရဲဒွေး၏ ဒဂုံအောင်ရုပ်စုံသဘင်သည် ထူးခြားသည့်တီထွင်ဆန်းသစ်မှုများဖြင့် တစ်ထောင့်တစ်နေရာကနေ ကြိုးပမ်းခဲ့ပါ ကြောင်း။

 

၁၉၉၃ ခုနှစ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနက အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်ကို စတင်ဖွင့်လှစ်ခဲ့ပြီး တက္ကသိုလ်၏ သဘင်ပညာဌာနတွင် မြန်မာ့ရုပ်စုံပညာကို အထူးပြု ဘာသာရပ်သင်ရိုးတစ်ခုအဖြစ် ထည့်သွင်းထားရှိပါကြောင်း၊ ၁၉၉၃ ခုနှစ်မှ စတင်ကျင်းပခဲ့သည့် မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင်လည်း ၁၉၉၅ ခုနှစ်မှစတင်ကာ ပညာရှင် အဆင့်ရုပ်သေးပြိုင်ပွဲကို ထည့်သွင်းကျင်းပခဲ့ပါကြောင်း၊ ၁၉၉၈ ခုနှစ်ပြိုင်ပွဲမှာ ရုပ်စုံသဘင်ပြိုင်ပွဲအဖြစ် "ဝိဓူရ"ဇာတ်တော်ကြီးဖြင့် စတင်ယှဉ်ပြိုင်ခဲ့ပါကြောင်း၊ အချိန်ကာလ အတိုင်းအတာတစ်ခုအထိ တိမ်မြုပ် ပျောက်ကွယ်နေခဲ့သည့် ရုပ်သေးပညာပြန်လည်ပြီး တစ်ခေတ်ဆန်းသစ်လာခဲ့ပါကြောင်း၊ အကြောင်းကြောင်း များကြောင့် ကျင်းပခြင်းမပြုနိုင်ခဲ့သည့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးနှင့်အတူ ရုပ်သေးအနုပညာ ရပ်သည် တိမ်မြုပ်ပျောက်ကွယ်သကဲ့သို့ ဖြစ်နေခဲ့ရပါကြောင်း၊ သို့ဖြစ်ပါ၍  ကိုဗစ်-၁၉ ကို အကြောင်းပြုကာ အများပြည်သူများ စိတ်ပင်ပန်းနွမ်းနယ်မှုအပန်းပြေစေရန် ဖျော်ဖြေမှုအသွင်သဏ္ဍာန်လည်း ပေါ်လွင်ပြီး မြန်မာ့ရုပ်သေးပညာရပ်၊ မြန်မာ့ရုပ်စုံပညာရပ်ကိုလည်း ပြန်လည်ဖော်ထုတ်ရာလည်းရောက်စေရန် ရိုက်ကူး ထုတ်လွှင့်ပြနိုင်ရေးအတွက် ယနေ့ အစည်းအဝေးကို ခေါ်ယူကျင်းပရခြင်းဖြစ်ကြောင်း ထည့်သွင်း ပြောကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ပါမောက္ခချုပ်များ၊ တာဝန်ရှိသူများက ရုပ်စုံသဘင်တင်ဆက်ကပြမှုကို ရိုက်ကူးတင်ဆက်နိုင်ရန်အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)