သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန “၃၇ မင်းနတ်အက ၊ နတ်ကတော်အကနှင့် အပျိုတော်အက ဖျော်ဖြေတင်ဆက်မှုဆိုင်ရာ သမားစဉ်များ” စာတမ်းဖတ်ပွဲအခမ်းအနားကျင်းပ

ပုဂံ ဒီဇင်ဘာ ၅  

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက “၃၇ မင်းနတ်အက ၊ နတ်ကတော်အကနှင့် အပျိုတော်အက ဖျော်ဖြေတင်ဆက်မှုဆိုင်ရာ သမားစဉ်များ” စာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ က ပုဂံမြို့ရှိ ယွန်းပညာကောလိပ်၌ ကျင်းပရာ နိုင်ငံတော် စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် နှင့် ဒေါ်အေးနုစိန် ၊ သာသနာရေးနှင့်ယဉ်ကျေး မှုဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးဦးကိုကို၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်း နှင့် ဌာနဆိုင်ရာများမှ အရာထမ်း၊အမှုထမ်းများ၊ ယဉ်ကျေးမှုကာကွယ် ထိန်းသိမ်းရေး ကော်မတီဝင်များ ၊ ပုဂံမြို့နှင့်ညောင်ဦးမြို့ ဒေသခံများ  တက်ရောက်ကြသည်။

ဦးစွာ စာတမ်းဖတ်ပွဲ အခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်နှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ 
ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဇာတ်သဘင်များ၊ နတ်ပွဲများတွင် နတ်အကြောင်း အတ္ထုပ္ပတ္တိကို ဖွဲ့ဆိုထားသည့် နတ်တို့နှင့် ပတ်သက်သည့် အကြောင်းအရာများကို သီဆိုတီးမှုတ်ကခုန်ရန် ရေးစပ်ထားသော သီချင်းကို နတ်ချင်းဟု ခေါ်ဆို ပါကြောင်း၊ နတ်ချင်းနှင့်နတ်အကသည် ရှေးအကျဆုံး မြန်မာ့ရိုးရာသီချင်းနှင့် ရိုးရာအကဖြစ်ပါ ကြောင်း၊  နတ်ချင်းများသည် ယဉ်ကျေးမှု အနုပညာနှင့် ဂီတသီချင်းများအဖြစ် ယနေ့တိုင် တည်တံ့ ပြန့်ပွားလျက်ရှိနေပါကြောင်း၊  ပျူခေတ်ကစတင်ပြီး မြန်မာ့သဘင်ပညာသည် ကိုးကွယ်ယုံ ကြည်မှု၊ ပူဇော်ပသမှုကို အခြေခံပြီး ပေါ်ပေါက်လာခဲ့ ခြင်းဖြစ်ပါကြောင်း ၊ တီးမှုတ်သည့် တူရိယာ၊ ပစ္စည်းသုံးစွဲမှုနှင့် တီးခတ်သည့် သံစဉ်၊ သီဆိုသည့် စာသား ၊ ကပြသည့် ဟန်ပန်အမူအရာများမှာ ကိုးကွယ်ယုံကြည်မှုကို အလေးဂရုထားပြီး သီဆိုတီးမှုတ် ကပြ ကြသည်ကို လေ့လာသိ ရှိနိုင်ပါကြောင်း။ 

စာတမ်းဖတ်ပွဲကို အကြောင်းပြုပြီး ယုံကြည်ကိုးကွယ်မှုဆိုင်ရာ ၃၇ မင်း နတ်ချင်းများ၊ နတ်အကများ၊ တီးကွက်တီးလက်များနှင့် မြန်မာ့သဘင်ဖျော်ဖြေတင်ဆက်မှုဆိုင်ရာ နတ်ကတော် အက၊ အပျိုတော်အကများ၏ ကကြိုးကကွက်များ၊ တီးကွက်တီးလက်များကို အထောက် အထားမှတ်တမ်းများ အဖြစ်ကျန်ရှိစေရန်၊ ဖျော်ဖြေတင်ဆက်မှုဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေ အနှစ်များအဖြစ် ရှာဖွေဖော်ထုတ်ထိန်းသိမ်းခြင်းကို ဆောင်ရွက်နိုင်ရန်နှင့် မြန်မာ့သဘင်အစဉ် အလာသမားစဉ်များ၏ အရေးပါမှုကို လေးစားတန်ဖိုး ထားသိရှိနိုင်စေရန် အထောက်အကူပြုနိုင် ပါကြောင်း ပြောကြားသည်။

 စာတမ်းဖတ်ပွဲတွင် အနုပညာဦးစီးဌာန၊ လေ့ကျင့်ရေးနှင့်သုတေသနဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာလဲ့လဲ့အောင် က “ ၃၇ မင်းနတ်ကတော်အကနှင့် အပျိုတော်အက သမားစဉ် တီးကွက် တီးလက်များ” စာတမ်းကိုလည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္က သိုလ် (ရန်ကုန်) သဘင်ပညာဌာနမှ ပါမောက္ခ/ဌာနမှူး ဦးခိုင်ထွန်း က “ ပွဲဦးနတ်ကတော် အကနှင့် အပျိုတော်အက၏ ကကြိုးကကွက်များကို လေ့လာခြင်း” စာတမ်းကို လည်းကောင်း၊ စာတမ်း ရှင်မောင်လူမွှေး(မြန်မာမှု)က “ အပျိုတော်နှင့်သဘင့်အစဉ်” စာတမ်းကိုလည်းကောင်း ဖတ်ကြား ခဲ့ရာ ဆိုင်းပညာရှင် ဦးကျော်ညွန့်က သဘာပတိအဖြစ် ဆောင်ရွက်သည်။ စာတမ်း တစ်စောင်ချင်း ဖတ်ကြားအပြီးတွင် တက်ရောက်လာကြသူများက စာတမ်းများနှင့်ပတ်သက်၍ ဆွေးနွေးမေးမြန်းကြသည်။ 

ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင် များက နတ်ကတော် သမားစဉ် အဆို၊အတီး၊အက ဖြင့်လည်းကောင်း ၊အပျိုတော်သမားစဉ် အဆို ၊ အက ၊အတီးဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ကြသည်။ 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် နှင့် ဒေါ်အေးနုစိန် တို့က သဘာပတိနှင့် စာတမ်းရှင်များကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။  

ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက စာတမ်းများနှင့်ပတ်သက်၍ သုံးသပ်ပြောကြားပြီး စာတမ်းဖတ်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

သတင်းစဉ်