ရန်ကုန် ဖေဖော်ဝါရီ ၂၇

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် Myanmar Arts Center ၌ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏  ဂန္ဓကုဋိတိုက်များတွင်ထားရှိမည့် ပန်းချီကားများရေးဆွဲနေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများနှင့် ပန်းချီပညာရှင်များက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးမှ ပန်းချီရေးဆွဲမှုအကြောင်းအရာ နည်းစနစ်များနှင့်ပတ်သက်၍ ဆွေးနွေးမေးမြန်းကာ ပန်းချီကားများအချိန်မီပြီးစီးရေးနှင့် လိုအပ်ချက်များကို ဖြည့်စွက်မှာကြားသည်။

 

မြန်မာတို့၏ ရှေးထုံးအစဉ်အလာနှင့်အညီ နိပါတ်တော်ပန်းချီကားများအဖြစ် ဗုဒ္ဓဝင်ဆီဆေးပန်းချီကား ၉၆ ချပ် (ဂန္ဓကုဋိတိုက် ၁ လုံးတွင် ၄ ချပ်စီ)ကို မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပရိဝုဏ်အတွင်းရှိ ဂန္ဓကုဋိတိုက် ၂၄ လုံး အတွင်းတွင် ထည့်သွင်းထားရှိနိုင်ရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိပြီး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ အနုပညာအထက်တန်းကျောင်း(ရန်ကုန်)နှင့် မြန်မာနိုင်ငံ ပန်းချီပန်းပုအစည်းအရုံးဝင်များက ရေးဆွဲလျက်ရှိကြောင်း သိရသည်။ 

 

အဆိုပါ ဗုဒ္ဓဝင်ပန်းချီကား ၉၆ ချပ်အနက် ပထမအကြိမ် ဆီဆေးပန်းချီကား ၃၂ ချပ် ရေးဆွဲခြင်းလုပ်ငန်းသည် ၁၀၀ ရာခိုင်နှုန်းပြီးစီးနေပြီး ဒုတိယအကြိမ် ဆီဆေးပန်းချီကား ၃၂ ချပ် ရေးဆွဲခြင်းလုပ်ငန်းကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ အနုပညာအထက်တန်းကျောင်း(ရန်ကုန်)နှင့် Myanmar Arts Center တို့တွင် ရေးဆွဲလျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်