နေပြည်တော်၊ အောက်တိုဘာ ၁
    
၁-၁၀-၂၀၂၁ ရက်(သောကြာနေ့)၊ နံနက် ၀၉ ၃၀ အချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါလျက် ပြည်ထောင်စုနယ်မြေ၊ ဥပ္ပါတသန္တိစေတီတော်ပရိဝုဏ်အတွင်းရှိ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ပြည်ပသာသနာပြုဌာနခွဲ စာကြည့်တိုက်၊ ပြတိုက်၊ မော်ကွန်းတိုက်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြား ခဲ့ပါသည်။
    
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပြတိုက်အတွင်း ခင်းကျင်းပြသထားသော ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး တည်ထားစဉ်က ဆောင်ရွက်ခဲ့သည့် အခမ်းအနား(၉)မျိုး ကျင်းပခြင်း မှတ်တမ်း ဓာတ်ပုံကားချပ်များ၊ အိန္ဒိယနိုင်ငံ၊ သံဝေဇနိယလေးဌာနရှိ ဖွား၊ ပွင့်၊ ဟော၊ စံ ဓာတ်ပုံကားချပ်များကို Light Box များဖြင့် ခင်းကျင်းပြသထားမှုနှင့် ဥပ္ပါတသန္တိစေတီတော် ပုံစံငယ်(၂)ဆူ၊ ရဟန္တာဓာတ်တော်ကြုပ်၊ မုဒြာပုံစံတို့ကို ခင်းကျင်းပြသထားမှုများအား လည်းကောင်း၊ မော်ကွန်းတိုက်အတွင်း ခင်းကျင်းပြသ ထားသည့် ဥပ္ပါတသန္တိစေတီတော်ကြီးတည်ထားစဉ်က အသုံးပြုခဲ့သော လက်သုံးကရိယာပစ္စည်းများနှင့် အခမ်းအနားသုံးပစ္စည်းများ ခင်းကျင်းပြသထားမှုများအားလည်းကောင်း၊ စာကြည့်တိုက်အတွင်းရှိ ဗုဒ္ဓဘာသာဆိုင်ရာမြန်မာစာအုပ်များ၊ အင်္ဂလိပ်စာအုပ်များ၊ ပေစာထုပ်များ၊ ကမ္မဝါစာနှင့် ပုရပိုက်များကို အများပြည်သူလေ့လာဖတ်ရှုနိုင်ရန် ဆောင်ရွက်ထားရှိမှုအခြေအနေအားလည်းကောင်း သွားရောက် ကြည့်ရှု့စစ်ဆေးရာ သက်ဆိုင်ရာဌာနစုတာဝန်ခံများမှ အသီးသီးရှင်းလင်းတင်ပြကြပါသည်။
    
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးအား အစည်းအဝေးခန်းမတွင် စာကြည့်တိုက်၊ ပြတိုက်၊ မော်ကွန်းတိုက်၊ သာသနာ့ဗိမာန်နှင့် နယ်မြေဌာနစုတာဝန်ခံမှ ဥပ္ပါတသန္တိစေတီပရိဝုဏ်တွင်း သာသနာ့ မဟာဗိမာန်တော်၊ သံဃာရာမကျောင်းဆောင်(၄)ဆောင်၊ စေတိယပါလစံကျောင်းတော်နှင့် ဝိသုံဂါမ ရွှေသိမ်တော်၊ စာကြည့်တိုက်၊ ပြတိုက်၊ မော်ကွန်းတိုက်တို့အားဖွင့်လှစ်ထားရှိရသည့် ရည်ရွယ်ချက်များကို လည်းကောင်း၊ အဆောက်အဦများ၏ အလှူရှင်များ၊ အတိုင်းအတာ/အကျယ်အဝန်းနှင့် စတင်ဖွင့်လှစ် သည့်ရက်များကိုလည်းကောင်း၊ စာကြည့်တိုက်၊ ပြတိုက်နှင့် မော်ကွန်းတိုက်တို့သို့ လာရောက်ကြည့်ရှု့ လေ့လာမည့် အများပြည်သူများအတွက် ဝန်ဆောင်မှုလုပ်ငန်းများနှင့် အဆောက်အဦများ ရေရှည် တည်တံ့ရေးနှင့် ဆောင်ရွက်နေသည့် လုပ်ငန်းများစနစ်တကျရှိစေရေးအတွက် နေ့စဉ်ဆောင်ရွက်ချက် များကိုလည်းကောင်း သက်ဆိုင်ရာဌာနစုတာဝန်ခံများက Power Point များဖြင့် အသီးသီးရှင်းလင်း တင်ပြကြပါသည်။


    
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စာကြည့်တိုက်၊ ပြတိုက်၊ မော်ကွန်းတိုက်၊ သာသနာ့ဗိမာန် နှင့် နယ်မြေဌာနစုမှ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ပြတိုက်အတွင်းရှိဥပ္ပါတသန္တိစေတီတော် တည်ထားစဉ်က မှတ်တမ်းများကို ဗီဒီယိုဖြင့် လာရောက်လေ့လာသူများကြည့်ရှု့နိုင်ရန်  ပြသနိုင်ရေးစီစဉ်ဆောင်ရွက်ရန်၊ စာကြည့်တိုက်အတွင်း၌ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ ပိဋကတ်သုံးပုံ ဘာသာပြန် ထုတ်ဝေထားသည့် စာအုပ်များထားရှိရေး ပြောကြားပြီး ထေရဝါဒဗုဒ္ဓသာသနာပြန့်ပွားရေးအတွက် သာသနာတော်(၂၃၅)ခုနှစ်၊ တပို့တွဲလ တတိယသင်္ဂါယနာတင်ပြီးချိန် တိုင်းပြည်အရပ်ရပ်တို့သို့ ဗုဒ္ဓ သာသနာတော်ပြန့်ပွားစေရန် ရည်ညွှန်း၍ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်မြတ်နှင့် အသောက မင်းတရားကြီးတို့က ၉-တိုင်း ၉-ဌာနဖြစ်သည့် ဂန္ဓာရတိုင်း၊ မဟိံသကတိုင်း၊ နဝါဒါသီတိုင်း၊ မဟာရဋ္ဌတိုင်း၊ အပရန္တတိုင်း၊ ယောနကတိုင်း၊ စိန့်တိုင်း၊ သုဝဏ္ဏဘူမိတိုင်း၊ သီဟိုဠ်တို့သို့ ဥပသမ္ပဒကံ ဆောင်နိုင်စေရန် ခေါင်းဆောင်တစ်ပါးနှင့် ငါးပါးစီကို စေလွှတ်ကြွချီတော်မူကာ ဗုဒ္ဓ၏သုတ္တန်များ ဟောကြား၍ ဗုဒ္ဓဘာသာ အရှည်တည်တံ့တိုးပွားအောင် သာသနာပြုတော်မူခဲ့မှုအခြေအနေအား ပြောကြားခဲ့ပါသည်။
    
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း နိုင်ငံတော်ကိုဖွံ့ဖြိုးတိုးတက် စေရန် ဥပဒေနှင့်အညီဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းငြိမ်းချမ်းရေးကို တစ်နိုင်ငံလုံးပစ်ခတ် ရပ်စဲရေး (N.C.A) သဘောတူစာချုပ်များအတိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အတွက် ယခုနှစ်ကုန်တွင် မြန်မာနိုင်ငံ၏ လူဦးရေတစ်ဝက်အား ကာကွယ်ဆေးထိုးနှံနိုင်ရေး စီစဉ် ဆောင်ရွက်ထားရှိကြောင်း၊ အောက်စီဂျင်စက်ရုံများလည်း အောက်စီဂျင်ပြတ်လပ်မှုမရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း နိုင်ငံတော်မှ မတရားအသင်းအဖြစ် ကြေညာ ထားသည့် အဖွဲ့အစည်းများနှင့် ပါဝင်ပတ်သက်မှုမရှိစေရေးနှင့် အန္တရာယ်ကို မြင်အောင်ကြည့်တက်ရန်၊ မျိုးချစ်စိတ်ဓာတ်ရှိရန်နှင့် ဘာသာ သာသနာကို တန်ဖိုးထားရန်လိုအပ်ကြောင်း၊ မည်သည့်အစိုးရတက်တက် ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီ ကြိုးစားတာဝန်ထမ်းဆောင်ရန် လိုအပ်ကြောင်း အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

 (သတင်းစဉ်)