နေပြည်တော် မတ် ၂၁
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်းခံရသော ဆရာတော်ကြီး လေးပါးနှင့် သာသနာ့နွယ်ဝင် သီလရှင်ဆရာကြီးတစ်ပါးတို့အား ထပ်ဆင့်ဂုဏ်ပြုဂုဏဝိသိဋ္ဌပူဇော်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် စစ်တွေမြို့ လောကာနန္ဒာစေတီတော်မြတ်ကြီး ပုရိဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။ အခမ်းအနားသို့ စစ်တွေမြို့ နန္ဒာရာမ ပရိယတ္တိစာသင်တိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္ဒာသိရီ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဧည့်ပရိသတ်များက စစ်တွေမြို့ နန္ဒာရာမပရိယတ္တိ စာသင်တိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ မြို့နယ်ဩဝါဒါစရိယ စစ်တွေမြို့ ပညာလင်္ကာရကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တနာဂိန္ဒ က သမ္မောဒနီယ ဩဝါဒကထာကို ချီးမြှင့်တော်မူပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက် ကပ်လှူဒါန်းခြင်းခံရသော ဆရာတော်ကြီး လေးပါးဖြစ်သည့် စစ်တွေမြို့ ပညာလင်္ကာရကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တနာဂိန္ဒ၊ မင်းပြားမြို့ ပရိယတ္တိဓမ္မိကာရုံစာသင်တိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဣန္ဒာစရိယ၊ စစ်တွေမြို့ ဒက္ခိဏာရာမပရိယတ္တိစာသင်တိုက်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တမေဃိယ၊ စစ်တွေမြို့ ခေါင်းလောင်းကျောင်းတိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစက္ကိန္ဒနှင့် သာသနာ့နွယ်ဝင် သီလရှင် ဆရာကြီး တစ်ပါးဖြစ်သော စစ်တွေ မြို့ခေမာသီဝံသီလရှင် သာသနာပြုကျောင်းတိုက်မှ သီလရှင်ဆရာကြီး မဟာသဒ္ဓမ္မဇောတိကဓဇ ဒေါ်သုဓမ္မစာရီတို့အား ထပ်ဆင့်ဂုဏ်ပြုလွှာများ ဆက်ကပ်ပူဇော်၍ ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက စစ်တွေမြို့ ဝိမလဓမ္မနာဒ (ဓာတ်လယ်) ကျောင်းတိုက် ပဓာနနာယက ဆရာတော် မဟာကမ္မဋ္ဌာနစရိယ ဘဒ္ဒန္တသုဝဏ္ဏထံမှ အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ယင်းနောက် သာသနာ့ဗိမာန်ရှေ့တွင် ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ၊ နဝကမ္မအလှူငွေများ ဆက်ကပ်လောင်းလှူကြကြောင်း သိရသည်။
သတင်းစဉ်


