သွားဝါခြင်းဖြစ်စေနိုင်သော သင်မထင်ထားတဲ့ အကြောင်းရင်းများ

သွားဝါခြင်းဖြစ်စေနိုင်သော သင်မထင်ထားတဲ့ အကြောင်းရင်းများ

 

လှပဖြူစင်တဲ့သွားတွေကို ပိုင်ဆိုင်နိုင်ဖို့ဟာ လူတိုင်းရဲ့အိပ်မက်ပါ။ ဒီလိုလှပဖြူစင်တဲ့ သွားတွေကို ပိုင်ဆိုင်ရတာက ဈေးဝယ်သူတွေနဲ့ ဆက်ဆံရတဲ့အခါ၊ သို့မဟုတ် သင့်သူငယ်ချင်းတွေနဲ့ တွေ့ဆုံတဲ့ အခါမျိုးတွေမှာ ကိုယ့်ကိုကိုယ်ပိုပြီး ယုံကြည်မှုရှိစေပါတယ်။ ကံမကောင်းစွာနဲ့ဘဲ အချို့သောစားစရာတွေနဲ့ အခြားသော ပြင်ပအကြောင်းအရာ တွေကြောင့် သင့်သွားတွေဟာ သင်ထင်ထားသလောက် ဖြူစင်နေ မှာမဟုတ်ပါဘူး။ ဒါတွေဟာ ဘာကြောင့်ဖြစ်ရတာလဲဆိုတာနဲ့ မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲဆိုတာကို မသိသေးရင် ဒီစာလေးကသင့်ကို ကူညီနိုင်ပါလိမ့်မယ်။

ဖြစ်ရခြင်းအကြောင်းရင်းများ

 

သင့် သွားတွေ ပျက်စီးသထက် ပျက်စီးလာစေနိုင်တဲ့ အကြောင်းရင်းတွေများစွာရှိတဲ့ အထဲကမှ အချို့ အကြောင်းအရာတွေကို အောက်မှာ  ဖော်ပြထားပါတယ်။

 

1. ဆေးလိပ်သောက်ခြင်း

 

စီးကရက်တွေနဲ့ ဆေးတံသောက်တဲ့ခါမှာ ထည့်ပေးရတဲ့ ဆေးရွက်ကြီး (tobacco products)တွေကို စွဲလမ်းနေပြီး ပုံမှန်သောက်နေရင်တော့ ဒါတွေက သင့်သွားတွေကို အန္တရာယ်ပေးနိုင်ပါတယ်။

 

2. ခံတွင်း သန့်ရှင်းမှု မရှိခြင်း

 

သွားချေးတွေ စုပုံလာမှုနဲ့ သွားချိုးတွေကို ဖယ်ရှားပစ်ဖို့အတွက် အစာစားပြီးတိုင်းမှာ ပုံမှန် သွားတိုက်တာ၊ ကြိုးကိုအသုံးပြုပြီး သွားကြားထိုးတာနဲ့ ပါးစပ်ဆေးတာ(အာလုပ်ကျင်းတာ)မလုပ်ဘူးဆိုရင် သင့်သွားတွေကို အရောင်ပြောင်း သွားစေပါမယ်။

 

3. ဖျားနာခြင်း

 

သွားအရောင် ပြောင်းလဲခြင်းဟာ တစ်ခါတလေမှာ ကင်ဆာဓာတုဆေးကုထုံး (သို့မဟုတ်) ကင်ဆာဓာတ် ရောင်ခြည် ဆေးကုထုံးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

 

4. အစားအစာ

 

ခရမ်းချဉ်သီးတွေ၊ ဟင်းခတ်ပစ္စည်းတွေနဲ့ ဘယ်ရီသီးတွေအစရှိတဲ့ စားစရာအမျိုးမျိုးကလည်း သွားတွေကို ပျက်စီးစေပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့စားစရာဖြစ်တဲ့ အရွက်သုပ်လို စားစရာမျိုးကတောင် သင့်သွားကို အကျည်းတန်စေမယ့် အရောင်တွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

 

5. သောက်စရာများ

 

သင့်သွားတွေကို ပျက်စီးစေနိုင်ဆုံးသော လူကြိုက်အများဆုံး သောက်စရာဆိုရင်တော့ ကော်ဖီနဲ့ လက်ဖက်ရည်ကိုပြရမှာပါ။ အခြား သောက်စရာတွေဖြစ်တဲ့ ဝိုင်ဖြူ၊ ဝိုင်နီ စတာတွေလည်း သွားပျက်စီးစေနိုင်တဲ့ ထဲမှာ ပါဝင်ပါတယ်။

 

6. မတော်တဆမှုများ

 

သွားအရောင်ပြောင်းခြင်းဟာ ရေထဲမှာ သဘာဝအတိုင်းကို fluoride ပမာဏ မြင့်တက်နေခြင်း၊ fluoride ပါဝင်တဲ့ အသုံးအဆောင်များ ဥပမာ ပလုပ်ကျင်းဆေးရည်၊ သွားတိုက်ဆေးနဲ့ fluroide ပါဝင်တဲ့ သောက်ဆေးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

 

 

ကုထုံးများ

 

•          မှန်ကန်တဲ့  သွားတိုက်နည်းနဲ့  သွားကြားထိုးနည်း (ကြိုးကိုအသုံးပြုသော) တွေကို အသုံးပြုပါ။

 

•          သွားပျက်စီးစေသော အစားအသောက်များကို ရှောင်ကြဉ်ပါ။

 

•          သွားဆရာဝန်ဆီမှာ  သွားအရောင်တင်ခြင်း  ပြုလုပ်ပါ။

 

•          စီးကရက်၊ ဝိုင်နဲ့ အခြားသော အရက်ပါဝင်တဲ့ သောက်စရာတွေကို ဖြတ်လိုက်ပါ။

 

•          ဆေးစာမလိုဘဲ  ဝယ်လို့ ရသော သွားဖြူဆေးတွေကို အသုံးပြုပါ။

 

•          ဒါတွေအပြင် ရှောက်သီး၊ စတော်ဘယ်ရီနဲ့ လိမ္မော်ခွံတို့ကိုအသုံးပြုပြီး သွားဝါခြင်းကို ကုသနိုင်ပါသေးတယ်။

 

သွားဝါခြင်း မဖြစ်အောင် လုပ်ဆောင်ပေးရမယ့် အဖြေတွေက သိပ်ကိုရိုးစင်းလွန်းပါတယ်။ ဒီရိုးရှင်းတဲ့ အချက်လေးတွေကပဲ သွားဝါခြင်းကို ပျောက်စေနိုင်တဲ့အပြင် မိမိကိုယ်ကိုယုံကြည်မှုကို တည်ဆောက် ထိန်းသိမ်းထားနိုင်ပြီး သင့်ရဲ့ရုပ်ရည် သွင်ပြင်ကို ပိုပြီးတိုးတက်လာစေမှာပါ။

 

ရေးသားသူ Wathun Myat Chal

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe