ချောင်းသာ ၁၇ ဒီဇင်ဘာ


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့ရှိ ချောင်းသာပင်လယ်ကမ်းခြေသည် မြန်မာပြည်ရှိ အပန်းဖြေစခန်းများထဲတွင် ကျော်ကြားမှုရှိသော ပင်လယ်ကမ်းခြေ အပန်းဖြေစခန်း တစ်ခုဖြစ်သည်။

 

ကမ်းခြေဒေသသည် နယ်မြေအေးချမ်းခြင်း၊ ကမ်းခြေသာယာလှပခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း တို့ကြောင့် အပန်းဖြေသူတို့ အကြိုက်အတွေ့ဆုံး ကမ်းခြေလည်းဖြစ်သည်။ ထို့အပြင် ပြည်တွင်းပြည်ပ ခရီးသွားများ အမြဲမပြတ်လာရောက် အပန်းဖြေရာဒေသဖြစ်သည့်အပြင် နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေများ ဖြည့်တင်းပေးနိုင်ပြီး ဒေသခံရွာသူရွာသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်ရရှိနေသော ဒေသဖြစ်သည်။

 

ချောင်းသာကမ်းခြေတွင် အလှကမ်းခြေမိုင် အရှည် (၂) မိုင်ခန့်ရှိပြီး၊ ရှေ့တစ်လတွင် ရောက်ရှိတော့မည့် ၂၀၁၈ ခုနှစ်ဆိုလျှင် သက်တမ်း (၃၈) နှစ်ရှိတော့မည်ဖြစ်သော်လည်း အပျိုစင်တစ်ဦးကဲ့သို့ ကျော့ရှင်း လှပဆဲ၊ နုပျိုဆဲဖြင့် ရပ်တည်လျက်ရှိသည်။

 

ကမ်းခြေတွင် ယခုအခါ လိုင်စင်ရရှိပြီး ဟိုတယ်နှင့်တည်ခိုခန်း (၂၈) ခုရှိသော်လည်း၊ လိုင်စင်မရရှိသေးသည့် ဆောက်လုပ်ပြီး ဟိုတယ်နှင့်တည်ခိုခန်း (၂၈)ခန်းခန့်နှင့်ပေါင်းလျှင် ဟိုတယ်နှင့်တည်ခိုခန်းပေါင်း (၅၀) ကျော်ရှိပြီး နှစ်စဉ်အောက်တိုဘာလမှ မေလအထိ အထူးထူးစည်ကားလျက်ရှိသော ကမ်းခြေအပန်းဖြေစခန်း တစ်ခုဖြစ်သည်။

 

ကမ်းခြေသာယာရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီကို အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ၊ ကမ်းခြေရှိ NGO အဖွဲ့များ၊ ဟိုတယ်နှင့်တည်းခိုခန်းပိုင်ရှင်များ ပါဝင်ဖွဲ့စည်းထားပြီး၊ လာရောက်အပန်းဖြေ အနားယူလျှက်ရှိသော ပြည်တွင်းနှင့်ပြည်ပ ခရီးသွားများ စိတ်အနှောက်အယှက် မဖြစ်စေရေး၊ လုံခြုံရေး၊ ကျန်းမာရေးနှင့် ကမ်းခြေသာယာလှပရေးအတွက် ဆောင်ရွက်လျက်ရှိသည်။

 

ခရမ်းစိုးမြင့်