သာယာဝတီ ဇန်နဝါရီ ၃၀
ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နှင့် ၇ မိုင် ကွာဝေးသော ဖိုးခေါင်ကျေးရွာရှိ အိမ်ထောင်စုများသည် မိရိုးဖလာအိုးလုပ်ငန်းကို မတိမ်ကောမပပျောက်စေရန် ထိန်းသိမ်းပြုလုပ်လျက်ရှိပြီး မြေအိုးအမျိုးမျိုးပြုလုပ်ကာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
မြေအိုးအမျိုးမျိုးပြုလုပ်ရာတွင် ပထမဦးစွာ ရွာ၏အပြင်ဘက်ရှိ မြေကျင်းမှ မြေနီ၊ မြေစေးတို့ကို လှည်းဖြင့်သယ်၍ နေအိမ်တွင် စုပုံထားကြကြောင်း၊ အဆိုပါမြေများကို အိုးပြုလုပ်တော့မည်ဆိုလျှင် နုန်းမြေတစ်ဆ မြေနီနှစ်ဆ မြေစေးတစ်ဆတို့ကိုရောနှော၍ အင်တုံထဲတွင်ထည့်ကာ စိမ်ထားရကြောင်း၊ မြေများနူးလာပြီဆိုပါက စေးသွားအောင် ဖျာပေါ်သို့ပုံ၍ ခြေထောက်ဖြင့် အကြိမ်ကြိမ်နင်းနယ်ရကြောင်း၊ ထို့နောက် လက်လှည့်စုံပေါ်တွင်တင်ကာ မိမိပြုလုပ်လိုသော အိုးပုံစံကို လက်ဖြင့်ပုံဖော်ပြီး အဆင့်ဆင့်ပြုလုပ်ပြီးမှ မီးဖုတ်ရကြောင်း မြေအိုးပြုလုပ်သူတစ်ဦးက ပြောကြားသည်။
ဖိုးခေါင်ကျေးရွာမှ ထွက်ရှိသော ညောင်ရေအိုးတစ်လုံးကို ငွေကျပ် ၁၅၀၀၊ ပန်းရိုက်သောက်ရေအိုးတစ်လုံးလျှင် ငွေကျပ် ၃၅၀၀ ၊ အချောတစ်လုံးလျှင် ငွေကျပ် ၄၅၀၀၊ ဟင်းအိုးတစ်လုံးလျှင် ငွေကျပ် ၂၅၀၀၊ ပဲလှော်အိုးတစ်လုံးလျှင် ငွေကျပ် ၃၀၀၀ တို့ဖြင့် သာယာဝတီမြို့သို့ ကားဖြင့်သွားရောက်ရောင်းချရာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ဖိုးခေါင်ကျေးရွာနေ မြေအိုးအမျိုးမျိုးလုပ်ကိုင်သူ မသင်းသင်းမော်၏ ပြောကြားချက်အရ သိရသည်။
သန့်ဇော်(ပြန်/ဆက်)