သာယာဝတီ ဇန်နဝါရီ ၂၉

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နှင့် ၇ မိုင် ကွာဝေးသော ဖိုးခေါင်ကျေးရွာရှိ အိမ်ထောင်စုများသည် မိရိုးဖလာ အိုးလုပ်ငန်းဖြစ်သော မြေအိုးအမျိုးမျိုး လုပ်ကိုင်ကာ အသက်မွေးဝမ်းကျောင်းပြုလုပ်ခဲ့ပြီး မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

အိုးလုပ်ငန်း လုပ်ရာတွင် မြေနီ၊ မြေစေး တို့ကို လှည်းဖြင့်တိုက်၍ စုပုံထားကြပြီး အဆိုပါမြေများကို နှုံးမြေ တစ်ဆ၊ မြေနီ နှစ်ဆ၊ မြေစေး တစ်ဆ ရော၍ အင်တုံထဲတွင် ထည့်စိမ်ထားရကြောင်း၊ မြေများနူးလာပြီဆိုပါက စေးသွားအောင် ဖျာပေါ်ပုံ၍ အကြိမ်ကြိမ်နင်းနယ်ရကြောင်း၊ ထို့နောက် လက်လှည့် စုံပေါ်တွင် မိမိပြုလုပ်လိုသော အိုးပုံစံကိုပုံဖေါ်ပြီး မီးဖုတ်ရကြောင်း သိရသည်။

ဖိုးခေါင်ကျေးရွာမှ ထွက်ရှိသော ညောင်ရေအိုး တစ်လုံးကို ငွေကျပ် ၁၅၀၀၊ ပန်းရိုက် သောက်ရေအိုး တစ်လုံးလျှင် ငွေကျပ် ၃၅၀၀၊ အချော တစ်လုံးကို ငွေကျပ် ၄၅၀၀၊ ဟင်းအိုး တစ်လုံးကို ငွေကျပ် ၂၅၀၀ ကျပ်၊ ပဲလှော်အိုး တစ်လုံးကို ငွေကျပ် ၃၀၀၀ တို့ဖြင့် သာယာဝတီမြို့သို့ ကားဖြင့် သွားရောက်ရောင်းချရာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ဖိုးခေါင်ကျေးရွာနေ မြေအိုးအမျိုးမျိုး လုပ်ကိုင်သူ မသင်းသင်းမော်၏ ပြောကြားချက်အရ သိရသည်။

 

သန့်ဇော် (ပြန်/ဆက်)